အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ (၁၄) ရက်

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များ အဓိကစွမ်းအားအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး၊ လူငယ်များကဏ္ဍတိုးမြှင့် ဆောင်ရွက်ပေးရေး တို့ကိုရည်ရွယ်ကျင်းပသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကို ဒီဇင်ဘာလ(၁၄) ရက်နေ့ နံနက်ပိုင်းက ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ နေပြည်တော်ကောင်စီဝင်များ၊ စာရေး ဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး နှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနား ပထမပိုင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံ၏လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ရေးနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများတွင် အဓိကစွမ်းအားဖြစ်သည့် လူငယ်များ၏ ထက်သန်သော ဇွဲ၊ လုံ့လ၊ ဝီရိယ စွမ်းအားများ၊ သင်လွယ် တတ်လွယ်သော အရည်အချင်းကောင်းများကို မြှင့်တင်ပေးနိုင်ရန် နိုင်ငံတော်အစိုးရက အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်မောင်မယ်များ အနေဖြင့် စာကောင်းပေမွန်များကို ဖတ်ရှုလေ့လာသည့် အလေ့အထကောင်း နှင့် မိမိတို့ တစ်ဦးချင်း၏ ဗဟုသုတ အသိအလိမ္မာ ဉာဏ်ပညာပြည့်ဝရေးကြိုးပမ်းကြပြီး နိုင်ငံရေး စီးပွားရေး ယဉ်ကျေးမှု စသည်တို့အပေါ် နည်းလမ်းပေါင်းစုံဖြင့် လွှမ်းမိုးရန်ကြိုးပမ်းနေ ကြသည့် အဖျက်အမှောင့်ဘေးအန္တရာယ်များကို တွန်းလှန်ဖယ်ရှားနိုင်ရေး၊ မိမိတို့ အမျိုးဘာသာ သာသနာ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းခြင်း လုပ်ငန်းများ ၊ တည်ငြိမ်အေးချမ်းမှု နှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ရေး၊ ကိုယ်တိုင်လည်း တည်ဆဲဥပဒေများနှင့်အညီ ကျင့်ကြံနေထိုင်သွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း နှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

ထို့နောက် စာရေး ဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က မြန်မာ့လွတ်လပ်ရေး ရယူပေးနိုင်သည့် လူငယ်တို့၏ မျိုးချစ်စိတ်ဓါတ် ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။

အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အဖြစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဗဟုသုတဉာဏ်စမ်းမေးခွန်းများ မေးမြန်းဖြေဆိုခြင်း ကဏ္ဍအား ဆောင်ရွက်ပြီး ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်သည်။ ထို့နောက်မြန်မာနိုင်ငံလူငယ် ရေးရာဌာန မှ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး သရုပ်ပြ ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများက စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)တို့မှ ကျောင်းသား ကျောင်းသူများ အား အားကစားပစ္စည်းများနှင့် ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ကြပြီး စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။