အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၂)။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ နိုင်ငံတော်အတွက် ထူးချွန် ထက်မြက်ပြီး အရည်အချင်းရှိသည့် အားကစားသမားများပေါ်ထွက်လာစေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးဖြင့် ရင်းနှီးမှုရရှိစေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။

ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ စတုတ္ထဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ငွေသားဆုကျပ်(၅)သိန်းအားလည်းကောင်း၊ တတိယဆုရရှိသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းအား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က တစ်ဦးချင်းဆု တံဆိပ်နှင့် ငွေသားဆုကျပ်(၁၀)သိန်းအားလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၁၅) သိန်းအားလည်းကောင်း၊ ပထမဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုကျပ် သိန်း(၂၀)နှင့် တံခွန်စိုက် ဆုဖလားအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။