၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ (၂)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)ကြား၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ လာရောက် ကြည့်ရှုအားပေးခဲ့သည်။
လွန်ဆွဲပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ ကြသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့၊ နံနက်(၈)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)ကြား၌ ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် ပညာရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။



