အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ မတ်(၁၅)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းမှ ဦးစီး၍ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အကြီးအကဲထံ အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးစီမံချက်ကို အမြန်ဆုံး တင်ပြပေးနိုင်ရေးအတွက် စီမံချက်ကိုအတည်ပြုနိုင်ရန် ယခုအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ ယခင်အစည်းအဝေးတွင် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်းပြီး ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အသေးစိတ်တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ကဏ္ဍအလိုက်ကော်မတီများဖွဲ့စည်းရာတွင် လျာထားချက်များကို အကြံပြုတင်ပြပေးရန်နှင့် လုပ်ငန်းတာဝန်များကို ခေတ်နှင့်လျော်ညီအောင် ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများကို အဆင့်အတန်းမြင့်မားပြီး စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေး ပါဝင်ဖျော်ဖြေတင်ဆက်မည့် အနုပညာရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ အားကစားအဖွဲ့များ၊ သက်ဆိုင်ရာအဖွဲ့များနှင့် လေ့ကျင့်မှုများပြုလုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ အမျိုးသားအားကစားပွဲတော်ကျင်းပရေးစီမံချက်တွင် ဖော်ပြပါရှိသည့်အကြောင်းအရာများကို ဆွေးနွေးပေးနိုင်ရန်အတွက် ကြိုတင်ဖတ်ရှုနိုင်ရန် ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်းနှင့် ပြင်ဆင်ဖြည့်စွက်လိုသည်များရှိပါက ဆွေးနွေးတင်ပြပေးစေလိုကြောင်း၊ ယခုအစည်းအဝေးတွင် အမျိုးသားအားကစားပွဲတော်ကျင်းပရေးစီမံချက်ကို အားလုံးဝိုင်းဝန်းဆွေးနွေး၍ အတည်ပြုပြီးပါက Power Point ဖြင့် ပြုစုတင်ပြဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အမျိုးသားအားကစားပွဲတော်ကျင်းပရေးစီမံချက်တွင် အပိုင်း(၈)ပိုင်းပါဝင်ပါကြောင်းနှင့် ထပ်မံဖြည့်စွက်လိုသည်များရှိပါက အားလုံးဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကို ရည်ရွယ်ချက်(၅)ရပ်ဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ(၉)ရက်မှ (၂၀)ရက်ထိ ကျင်းပသွားရန်လျာထားပါကြောင်း၊ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၉)ရက်နှင့် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၂၀)ရက်တွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့် အားကစားနည်း(၆)နည်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်အားကစားနည်း(၂၃)နည်း ထည့်သွင်းကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ကဏ္ဍအလိုက်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ လုပ်ငန်းတာဝန်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ တည်းခိုနေထိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ သတင်းထုတ်ပြန်ရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်ပြီး အားလုံးဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီး ဦးထိန်လင်းက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။