အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ စားပွဲတင်တင်းနစ် (ဒိုင်/နည်းပြ) သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်(၁၂)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ်၊ စားပွဲတင်တင်းနစ် (ဒိုင်/နည်းပြ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် စားပွဲတင်တင်းနစ်ကို အစပြုသူများမှာအင်္ဂလန်နိုင်ငံမှဖြစ်ကြောင်းနှင့် ၁၈၀၀ ပြည့်နှစ်က စတင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရသိရှိရပြီး မြန်မာနိုင်ငံအနေဖြင့် ၁၉၆၀ ပြည့်နှစ် ဝန်းကျင်က စတင်ကစားခဲ့ကြောင်း၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်ကို ၁၉၆၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး အပြည်ပြည်ဆိုင်ရာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်၊ အာရှနှင့် အရှေ့တောင်အာရှစားပွဲတင်တင်းနစ်အဖွဲ့ချုပ်များသို့ အဖွဲ့ဝင်နိုင်ငံအဖြစ်ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၆၉ ခုနှစ် မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲတွင် ဘဝေနှင့် မောင်မောင်ဝင်းတို့အတွဲက အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုရရှိခဲ့သလို နိုင်ငံ တကာပြိုင်ပွဲများတွင်လည်း ဆုတံဆိပ်များစွာရရှိခဲ့ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှသည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် မျိုးဆက်သစ်လူငယ်အားကစားသမားများကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းကြောင့် ယခုလို အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းသည် မြန်မာနိုင်ငံအတွင်းရှိ စားပွဲတင်တင်းနစ် ဒိုင်/ နည်းပြများကို ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် နည်းစနစ်/ နည်းဗျူဟာများ၊ နည်းဥပဒေများ၊ စည်းမျဉ်း/ စည်းကမ်းများနှင့် ပြိုင်ပွဲလုပ်ငန်းစဉ်များကိုသိရှိနိုင်စေရန်၊ လက်တွေ့အသုံးပြုနိုင်စေရန်၊ အပြည်ပြည်ဆိုင်ရာစားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှ ဖွင့်လှစ်မည့် ITTF-PTT Level-1 Coaching Course နှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်သင်တန်းများကို တက်ရောက်အောင်မြင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့်သင်တန်းမှ သင်ကြားပို့ချပေးမှုများကို လက်တွေ့နယ်ပယ်တွင်ပြန်လည် အသုံးချနိုင်ရေးအတွက် ကြိုးစားသင်ယူသွားရန်လိုကြောင်း၊ နည်းပြကောင်းမှသာ တပည့်ကောင်းများ ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း၊ နည်းပြများသည် မိမိတတ်ထား၊ သိထားသမျှပညာရပ်များကို ပြန်လည်သင်ကြားပေးနိုင်ယုံသာမက မိမိတပည့်များကို စိတ်ဓာတ်ပိုင်း၊ အောင်မြင်လိုစိတ်ခံယူချက်၊ ရေကုန်ရေခမ်း မဆုတ်မနစ်ကြိုးစားလိုစိတ်၊ အကျင့်စာရိတ္တကောင်းမွန်စေရန် သင်ကြားပေးနိုင် မှသာ နည်းပြကောင်းများဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်လည်း တပည့်များ၏ စံပြဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ပြုမှုနေထိုင်ရမည်ဖြစ်ကြောင်း၊ မိမိတာဝန်ကျရာနေရာဒေသတွင် စားပွဲတင်တင်းနစ် အားကစားနည်းတိုးတက်ပြန့်ပွားစေရေးအတွက် ဆက်လက်ကြိုးစားသွားရန် တိုက်တွန်းမှာကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။