အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၃)။

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်ပြီးအရည်အချင်းရှိသည့် အားကစားသမားများပေါ်ထွက်လာစေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအားပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးဖြင့် ရင်းနှီးမှုရရှိစေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကိုအထောက်အကူဖြစ်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။

ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသမီး)ပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို(၃)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း၊ (အမျိုးသား) ပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ဘော်လီဘော(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆု၊ အကောင်းဆုံးပင့်ထောင်ဆု၊ အကောင်းဆုံး ရိုက်ခုတ်ဆု၊ အကောင်းဆုံးပိတ်ဆို့ဆု၊ အကောင်းဆုံးခုခံဆယ်မဆု ရရှိကြသူများကို တာဝန်ရှိသူများကလည်းကောင်း၊ စတုတ္တဆုရရှိသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (အမျိုးသား)အသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန(အမျိုးသမီး)အသင်းတို့အား တိုင်းရင်သားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ငွေသားဆုကျပ်(၁၀)သိန်းအားလည်းကောင်း၊ တတိယဆုရရှိသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန(အမျိုးသား)အသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန(အမျိုးသမီး)အသင်းတို့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၅)သိန်းအားလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန (အမျိုးသား)အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်နှင့် ကာကွယ်ရေးဝန်ကြီးဌာန(အမျိုးသမီး) အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်တို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း (၂၀)အားလည်းကောင်း၊ ပထမဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန(အမျိုးသား)အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့် ပြည်ထဲရေးဝန်ကြီးဌာန (အမျိုးသမီး)အသင်းတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း(၃၀)အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြောင်းသိရသည်။