အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံး(အမျိုးသား/အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ(၆)။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဘောလုံး (အမျိုးသား/ အမျိုးသမီး)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် ကွင်းအမှတ်(၃)တို့၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ အခြေခံပညာကျောင်းမှ တာဝန်ရှိသူများနှင့်အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။

ယနေ့မွန်းလွဲပိုင်းပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက် (၄)ဂိုးစီသရေ ရလဒ်ဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၃)၌ ကချင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကချင်ပြည်နယ်အသင်းက မွန်ပြည်နယ် အသင်းကို (၅)ဂိုး(၄)ဂိုးဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံး (အမျိုးသား/ အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့ နံနက်(၆)နာရီခွဲနှင့် မွန်းလွဲ (၃)နာရီတို့တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် ကွင်းအမှတ်(၃)တို့၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။