အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ (၂)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ ဘော်လီဘောပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသမီး) ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကချင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို (၃)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း၊ (အမျိုးသား)ပွဲစဉ်တွင် ကရင်ပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းက ကရင်ပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၃)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

နိုဝင်ဘာ (၃)ရက်နေ့တွင် နံနက်(၈)နာရီအချိန်မှစ၍ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသမီး)ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ်အသင်း၊ (အမျိုးသား)ပွဲစဉ်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲ အခမ်းအနား ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း အားကစားကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။