အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ (၁၆)။

လူထုအားကစားလုပ်ငန်းများ ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်၊ အားကစားလှုပ်ရှားမှုများတွင် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်များ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ယနေ့ နံနက်(၉)နာရီမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။

ယနေ့ (၃)ယောက်တွဲပြိုင်ပွဲနှင့် (၁)ဦးချင်းပြိုင်ပွဲများ၏ (လူရွေးပွဲ) ပွဲစဉ်များတွင် ပြိုင်ပွဲဝင် အသင်း(၁၄)သင်း ဝင်ရောက်ယှဉ်ပြိုင်သရုပ်ပြသခဲ့ကြပြီး (၃)ယောက်တွဲပြိုင်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်း၊ ကချင်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ကလည်းကောင်း၊ (၁)ဦးချင်းပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရခိုင်ပြည်နယ်အသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်း၊ ကချင်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ကလည်းကောင်း (ဗိုလ်လုပွဲ)ပွဲစဉ်များကို အသီးသီး ဆက်လက်ယှဉ်ပြိုင်သရုပ်ပြသသွားကြမည်ဖြစ်သည်။

ဆက်လက်၍ (၉)‌ယောက်တွဲပြိုင်ပွဲ (ဗိုလ်လုပွဲ) ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်း၊ ကချင်ပြည်နယ်အသင်း၊ ရှမ်းပြည်နယ်အသင်း၊ ကရင်ပြည်နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ သရုပ်ပြသယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းက ရမှတ်(၇၄)မှတ်ဖြင့်လည်းကောင်း၊ ဒုတိယဆုကို ကရင်ပြည်နယ်အသင်းက ရမှတ်(၇၁.၅၀)မှတ်ဖြင့်လည်းကောင်း၊ တတိယဆုကို ကချင်ပြည်နယ်အသင်းက ရမှတ် (၇၁)မှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်နေ့တွင် (၃)ယောက်တွဲပြိုင်ပွဲနှင့် (၁)ဦးချင်းပြိုင်ပွဲများ၏ (ဗိုလ်လုပွဲ) ပွဲစဉ်များကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။