အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ (၂၉)။

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည် တော်၊ ရုံးအမှတ်(၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဇွန်(၁)ရက်မှ (၉)ရက်အထိ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဗိုဗီနမ်နှင့်ရေကူး အားကစားနည်း(၂)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကို နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိကြောင်း၊ (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အဆင့်အတန်းမီမီ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြိုင်ပွဲကာလနီးကပ်လာပြီဖြစ်သည့်အတွက် အားကစားသမားများ ထိခိုက်ဒဏ်ရာ မရရှိစေရန် နည်းပြများမှ အနီးကပ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ (၁၃)ကြိမ်မြောက် အာဆီယံ ကျောင်းသားအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အုပ်ချုပ်/နည်းပြနှင့် အားကစားသမား (၂၁)ဦးကို စေလွှတ် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အာဆီယံကျောင်းသား အားကစားပြိုင်ပွဲသည် အခြေခံပညာအဆင့်ကျောင်းသားများသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အားကစားပြိုင်ပွဲတစ်ခုဖြစ်ပါကြောင်း၊ (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ထိုက်သင့်သည့်ဆုတံဆိပ်များ ဆွတ်ခူးပေးနိုင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲသုံးအားကစားအထောက်အကူပြုပစ္စည်းများကိုလည်း ထောက်ပံ့ပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးနောက် အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အစည်းအဝေးသို့တက်ရောက်လာကြသူများက (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်း ဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။