အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ (၁၈)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးမျိုးလှိုင်၊ ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ကျင်းပမည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)သို့ သွားရောက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြခန်း ခင်းကျင်းပြသရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည့် အားကစားလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ၊ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင်များ၏ ပုံတူရုပ်တုများ၊ စာအုပ်စာပေများ၊ ပွဲတော်သို့ လာရောက်ကြသူများ ပျော်ပျော်ရွှင်ရွှင် အားကစားနည်းဂိမ်းများ ကစားနိုင်စေရေးနှင့် လူငယ်ကဏ္ဍနှင့်ပတ်သက်သည့် လှုပ်ရှားဆောင်ရွက်ခဲ့မှုမှတ်တမ်းများ၊ အသက်မွေးဝမ်းကြောင်းသင်တန်း ဖွင့်လှစ်ခဲ့မှု မှတ်တမ်းဓါတ်ပုံများ၊ ဉာဏ်စမ်းပဟေဠိမေးခွန်းများ ဖြေဆိုနိုင်ရေးနှင့် E-sports ပြခန်းခင်းကျင်းပြသထားမှုများနှင့်ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဖွင့်ပွဲအခမ်းအနားတွင် သရုပ်ပြသမည့် ဂျူဒို၊ ဗိုဗီနမ်၊ ခြင်းလုံး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ လက်ဝှေ့၊ သိုင်း၊ ကျွမ်းဘား၊ ဘော်လီဘော အားကစားနည်းများနှင့် Fitness Dance သရုပ်ပြအဖွဲ့များ၏ ဇာတ်တိုက်လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး သရုပ်ပြအားကစားအဖွဲ့ များအား ညီညီညာညာဖြင့် သရုပ်ပြသနိုင်ရေးအတွက် ဂရုတစိုက် ကြိုးစားဆောင်ရွက်သွားကြရန်နှင့် အုပ်ချုပ်သူ/နည်းပြများမှလည်း မိမိအားကစားအဖွဲ့များအား စည်းကမ်းတကျ ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ(၃)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကျင်းပလျက်ရှိသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ၏ယှဉ်ပြိုင်ကစားခဲ့မှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။