အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများအား လိုက်လံကြည့်ရှုအားပေး

နေပြည်တော်၊ ဩဂုတ် ၂၄။

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်ရှိသည့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ပြေးခုန်ပစ်အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁)တို့တွင် ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှတာဝန်ရှိသူများက ပြိုင်ပွဲယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး (မီတာ ၅၀၀၀ လမ်းလျှောက်၊ အလျားခုန်၊ မီတာ ၈၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ တန်းကျော်၊ ကြိုးတပ်သံလုံးပစ်၊ မီတာ ၂၀၀၀ တားဆီးကျော်ပြေး) ပြိုင်ပွဲများနှင့် အမျိုးသား (ကြိုးတပ်သံလုံးပစ်၊ မီတာ ၈၀၀၊ မီတာ ၂၀၀၊ အလျား ခုန်၊ မီတာ ၄၀၀ တန်းကျော်) ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ယမန်နေ့ကျင်းပ ခဲ့သည့် ပြိုင်ပွဲများဖြစ်သော အမျိုးသား(မီတာ ၁၀၀၀၀ လမ်းလျှောက်၊ မီတာ ၃၀၀၀) ပြိုင်ပွဲများ၊ အမျိုးသမီး မီတာ ၅၀၀၀ လမ်းလျှောက်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး (သံပြား ဝိုင်းပစ်၊ မီတာ ၄၀၀၊ တန်းမြင့်ခုန်၊ ၁၀၀x၄ လက်ဆင့် ကမ်း)ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံ့ဂုဏ်ဆောင် ပြေးခုန်ပစ်လက်ရွေးစင် အားကစားသမားဟောင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ယနေ့ပြိုင်ပွဲများအပြီးတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အဆင့်ရပ်တည်မှုအနေဖြင့် ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၂ ခုဖြင့် ရှမ်းပြည်နယ်အသင်းက ပထမနေရာအား လည်းကောင်း၊ ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၃ ခုဖြင့် တနင်္သာရီ တိုင်းဒေသကြီး အသင်းက ဒုတိယနေရာအားလည်း ကောင်း၊ ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၆ ခုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တတိယနေရာအားလည်းကောင်း၊ ရွှေတံဆိပ် ၂ ခုဖြင့် မန္တလေး တိုင်းဒေသကြီးအသင်းက စတုတ္ထနေရာများတွင် အသီးသီး ရပ်တည်နိုင်ခဲ့ကြသည်။

ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီခွဲမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေး ကွင်းအမှတ် (၁)တို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ် များအဖြစ် အမျိုး သား (မီတာ ၅၀၀၀၊ သံလုံးပစ်၊ တုတ်ထောက်ခုန်၊ မီတာ ၁၁၀ တန်းကျော်၊ မီတာ ၂၀၀၊ မီတာ ၄၀၀ x ၄ လက်ဆင့် ကမ်း၊ မီတာ ၈၀၀) ပြိုင်ပွဲများနှင့် အမျိုးသမီး (မီတာ ၃၀၀၀၊ မီတာ ၁၀၀ တန်းကျော်၊ သံလုံးပစ်၊ တုတ်ထောက်ခုန်၊ မီတာ ၂၀၀၊ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း၊ မီတာ ၈၀၀) ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။