အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဏာမမြန်မာ့လက်ရွေးစင်အားကစားသမားများနှင့်လူငယ်အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဧပြီ (၂၅)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) တွင် စခန်းဝင် လေ့ကျင့်လျက်ရှိသည့် ပဏာမမြန်မာ့လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများအား တွေ့ဆုံအမှာစကား ပြောကြားသည့်အခမ်းအနားကို ယနေ့ နေ့လယ်(၁၂)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တွေ့ဆုံအမှာစကားပြောကြားရာတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအနေဖြင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ကြိုးစားအားထုတ်လေ့ကျင့်သွားရန် အထူးမှာကြားလိုကြောင်း၊ လေ့ကျင့်မှုများမှသာ ပြီးပြည့်စုံလာမည်ဖြစ်သည့်အတွက် လေ့ကျင့်မှုများများပြုလုပ်သွားရန်လိုကြောင်း၊ ယခုလေ့ကျင့်ရရှိထားသည့် စံချိန်/စံညွှန်းများမှာ အားရကျေနပ်မှုမရှိသော်လည်း လေ့ကျင့်ရန်အချိန် ကာလကျန်ရှိသေးသည့်အတွက် ယခုထက်ပိုမိုအားထည့်ပြီး ကြိုးစားလေ့ကျင့်သွားရန်လိုကြောင်း၊ ရာသီဥတုပူပြင်းလာပြီဖြစ်သည့်အတွက် ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ နေထိုင်သွားလာစားသောက်မှုများ ဂရုစိုက်ဆင်ခြင်ရန်နှင့် မိသားစုစိတ်ဓါတ်ထားရှိပြီး စည်းလုံးညီညွတ်မှုရှိရန်လိုကြောင်း၊ အခက်အခဲများရှိပါက တာဝန်ရှိသူများမှတဆင့် သတင်းပို့တင်ပြနိုင်ကြောင်း၊ အုပ်ချုပ်/နည်းပြများကလည်း မိမိအားကစားသမားများက ယုံကြည်အားကိုး လေးစားမှုရှိအောင် ပြုမူပြောဆိုနေထိုင်သွားရန်နှင့် အားကစားနည်းအလိုက် ခေတ်နှင့်အညီပြောင်းလဲတိုးတက်လာသည့် နည်းစနစ်/နည်းဥပဒေများကို အမြဲမပျက် လေ့လာဆည်းပူး၍ ခံယူချက်ကောင်းမွန်ပြီး အရည်အချင်းပြည့်ဝသည့် နည်းပြကောင်းများဖြစ်အောင် ကြိုးစားသွားရန်လိုကြောင်း၊ အားကစားသမားများကိုလည်း အရည်အချင်းရှိပြီး ခန္ဓာကိုယ်ပိုင်းသာမက စိတ်ဓါတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်သူများဖြစ်အောင် ကြိုးစားလေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဇင်မင်းထက်နှင့် ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများတက်ရောက်ခဲ့ကြောင်းသိရသည်။