အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ အောက်တိုဘာ(၃၁)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းရှိ အားကစားလေ့ကျင့်ရေးခန်းမ၌ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ကူညီထောက်ပံ့ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ အရာထမ်း/အမှုထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် မှန်ကန်မြန်ဆန်ပြီး စနစ်တကျဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရုံးလုပ်ငန်းများအပြင် အထွေထွေဗဟုသုတများနှင့် အင်္ဂလိပ်စာဘာသာရပ်များကိုလည်း အစဉ်အမြဲ လေ့လာသင်ယူကြရန်လိုကြောင်း၊ ရာထူးအဆင့်အလိုက် လုပ်ငန်းတာဝန်ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ မိသားစုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး နေထိုင်သွားကြရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ရှိ ကျောက်တိုင်အားကစားကွင်းအား သွားရောက်ကြည့်ရှုခဲ့ပြီး အားကစားကွင်းအတွင်း သန့်ရှင်းသာယာမှုရှိစေရေးနှင့် မြက်ခင်းများ စိမ်းလန်းစိုပြေစေရေးအတွက် သန့်ရှင်းရေးအမြဲတမ်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ဆောက်ရန် လျာထားသည့်မြေနေရာတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ် အားကစားနှင့်ကာယပညာဌာနများရှိ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့ပါသည်။


