အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအားလိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန်(၁၆)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ၁၃-၆-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတောင်ခြေရှိ ရွှေမန်းတောင်အားကစားကွင်းနှင့် အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦများ ရေရှည်တည်တံ့စေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)မှ သင်တန်းသား/ သင်တန်းသူများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ပြီးနောက် ကြက်တောင်အားကစားခန်းမ၌ အရာထမ်း/ အမှုထမ်းများအားတွေဆုံ၍ ကျန်းမာရေးအထူးဂရုစိုက်ရန်၊ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များနှင့် အခက်အခဲများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ မန္တလာသီရိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံများ၊ ဂေါက်လေ့ကျင့်ရေးကွင်းနှင့် အမျိုးသမီးဘောလုံးအကယ်ဒမီ ဖွင့်လှစ်နိုင်ရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်အတူ အဆောက်အဦဆောက်လုပ်မည့် မြေနေရာများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ၁၄-၆-၂၀၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီးနောက် ခြောက်ထပ်ဈေးဆောက်လုပ်မည့် ပစ္စည်းများထားသိုသိမ်းဆည်းရန်နေရာအားလည်းကောင်း၊ ပြင်ဦးလွင်ခရိုင်အားကစားကွင်းရှိ အားကစားရုံကြမ်းခင်း အသစ်လဲလှယ်ဆောင်ရွက်ရာတွင် သစ်အမျိုးအစား မှန်ကန်စေရေး၊ အရည်အသွေးပြည့်မှီစေရေးစနစ်တကျဆောင်ရွက်သွားရန်၊ အားကစားကွင်း အရှေ့ မြောက်ထောင့်ဧရိယာအား သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ဆောင်ရွက်သွားရန်နှင့် ချမ်းအေးသာဇံမြို့နယ် ဗထူးအားကစားကွင်းရှိ အားကစားရုံနှင့်အားကစားကွင်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များကို လိုအပ်သည်များမှာကြားခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)မှ သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံ၍ ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ စည်းကမ်းစနစ်တကျ ရှိစေရေးနှင့် နိုင်ငံ့လက်ရွေးစင်အဆင့်ထိရောက်ရှိအောင် မိမိဝါသနာပါသည့် အားကစားကို ဇွဲ၊ လုံ့လ၊ ဝိရိယ အပြည့်ဖြင့် ကြိုးစားသွားရန် တိုက်တွန်းမှာကြားခဲ့ပြီးနောက် စဉ့်ကိုင်မြို့နယ် အားကစားကွင်းအား လည်းကောင်း၊ ကျောက်ဆည်ခရိုင် အားကစားကွင်းနှင့် အားကစားရုံအားလည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များ နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မြစ်သားမြို့နယ်ရှိ ကူမဲမြို့အားကစားကွင်း၊ ဝမ်းတွင်းမြို့ အားကစားကွင်း/အားကစားရုံနှင့် မိတ္ထီလာခရိုင် အားကစားကွင်းနှင့်အားကစားရုံတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စိမ်းလန်းစိုပြေစေရေးနှင့် ပြည်သူများ ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများ လာရောက်လေ့ကျင့်ကစားနိုင်စေရေးတို့အတွက် ပုံမှန် ထိန်းသိမ်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။