အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်း ဆင်းပွဲ တက်ရောက်

နေပြည်တော်၊ ဇန်နဝါရီ ၂။

နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှကြီးမှူး၍ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း(၂)၌ ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဝင်များ၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်း ပို့ချမည့် ဆရာ/ ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိလူငယ်များ အသိပညာ၊ အတတ်ပညာများပြည့်စုံပြီး အတွေးမှန်၊ အမြင်မှန်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိဖို့ လိုအပ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံတော်ကအားထားရမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြောင်း၊ လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံ၍ ကိုယ်ကျင့်တရားနှင့် စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်က ရည်မှန်းချက်ထားပြီး ဘက်ပေါင်းစုံက ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းသည် နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိသည့် လူငယ်များကို ကုန်ထုတ်လုပ်မှု အတတ်ပညာတစ်ခုတတ်မြောက်ပြီး ဆင့်ကဲဆင့်ကဲ ပြန်လည်မျှဝေခြင်းဖြင့် လူငယ်များကြား ကုန်ထုတ်လုပ်မှုအတတ်ပညာတစ်ခုပြန့်ပွားတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပေါ်ပေါက်လာစေရန်၊ ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ (MSME) အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာစေရေး အထောက်အကူပြုစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြား ပေးသည့် အတတ်ပညာများကို အမှန်တကယ်တတ်မြောက်ပြီး ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင် စီးပွားရေးတို့ဖြင့် အရည်သွေးပြည့်မီသည့် ကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချဖြန့်ဖြူး နိုင်သည့် အဆင့်ထိရောက်ရှိအောင် ထုတ်လုပ်ကြလိုအပ်ကြောင်း၊ ထို့အပြင် သင်ယူတတ် မြောက်သည့် နည်းပညာများကို အခြားလူငယ်များအား မျှဝေပြီးပြန်လည်သင်ကြား တတ်မြောက်စေခြင်းဖြင့် လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက် ရင်းနှီးမြှုပ်နှံကာ အသေးစားကုန်ထုတ်လုပ်မှု လုပ်ငန်းများကို တည်ထောင်ဆောင်ရွက်နိုင်ရန် ကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က သင်တန်းနည်းပြဆရာ/ဆရာမများအား ဂုဏ်ပြုအမှတ်တရလက်ဆောင်များကိုပေးအပ်ချီမြှင့်သည်။

ထို့နောက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းမှရရှိသည့် ကုန်ချောပစ္စည်းများနှင့် သင်တန်းတွင် ထူးချွန်သူများအား ကုန်ကြမ်းစ္စည်းများကို အသီးသီးပေးအပ်ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားပြီး သင်တန်းသား/ သင်တန်းသူများ ပြုလုပ်ထားသည့် လူသုံးကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါသင်တန်းသို့ လယ်ဝေးမြို့နယ် နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ သင်တန်းသား/ သင်တန်းသူ ၃၂ ဦး တက်ရောက်ကြပြီး သင်တန်းကို ဒီဇင်ဘာ ၂၇ ရက်နေ့မှ ဇန်နဝါရီလ ၂ ရက်နေ့အထိ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။