အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ(၄)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တောင်ကြီးမြို့သို့ရောက်ရှိ၍ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများ၊ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနမှ စစ်ဘေးရှောင် အရာထမ်း/ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်အတွက် မျိုးဆက်သစ်လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးနေသည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများသည် အရေးကြီးသကဲ့သို့ ပြည်နယ်/ ခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနများသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ အရာထမ်း/အမှုထမ်းများအနေဖြင့် အားကစားဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဆောင်ရွက်နေသကဲ့သို့ မိမိတို့ကိုယ်တိုင်လည်း နှစ်သက်ရာအားကစားနည်းတစ်ခုခုကို လေ့လာလိုက်စား ကြရန်လိုကြောင်း၊ အရာထမ်း/အမှုထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို အလေးအနက်တန်ဖိုးထား၍ လုပ်ကိုင်ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ မိမိတို့ တိုင်းရင်းသားအားလုံး ညီရင်းအစ်ကိုသဖွယ်နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်ထားရှိကြစေလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လူမျိုးဘာသာ မခွဲခြားဘဲ ဆောင်ရွက်လျက်ရှိသဖြင့် ဝန်ထမ်းများအားလုံး ကျဉ်းမြောင်းသည့်အမြင် မထားရှိဘဲ မှန်ကန်စွာတွေးခေါ်ဆောင်ရွက်ကြပြီး တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နယ်မြေဒေသအခြေအနေအရ ရှမ်းပြည်နယ်သို့ လာရောက်နေထိုင်ကြသည့် ကယားပြည်နယ်မှ အရာထမ်း/အမှုထမ်းများအနေဖြင့်လည်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့်အတွက် နားလည်မှုရှိစွာဖြင့် အချိန်အတိုင်းအတာတခုအထိ သည်းခံ၍ တာဝန်ထမ်းဆောင်ကြစေလိုကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ဖြစ်ပွားခြင်းမရှိစေရေးအတွက် တစ်ဦးချင်းကျန်းမာရေးအသိရှိယုံမျှမက မိမိတို့မိသားစုများအားလုံး ကျန်းမာရေးအသိရှိအောင် လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ အရာထမ်း/အမှုထမ်းများအားလုံး မိသားစုစိတ်ဓါတ်ကို အခြေခံပြီး အထက်အောက်မျှတစွာ ကွပ်ကဲအုပ်ချုပ်ခြင်းဖြင့် မိမိတို့၏ အဓိကတာဝန်ဖြစ်သည့် မြန်မာ့အားကစား အောင်မြင်စေရေးကို ရှေးရှုဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အခက်အခဲများ ရင်ဆိုင်ကျော်လွှားရာတွင် ပစ်တိုင်းထောင်ဥပမာကိုနှလုံးသွင်း၍ ကြံ့ကြံ့ခံ ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းများအားလုံး မိမိကိုယ်ကိုတန်ဖိုးထားပြီး နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်အောင် အမြဲမပြတ်ကြိုးစားလေ့လာသင်ယူကြရန်လိုကြောင်း၊ တန်ဖိုးရှိသူတယောက်ဖြစ်ယုံသာမက မည်သည့်အခက်အခဲကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်ရန် စာအုပ်/စာပေများများ လေ့လာဖတ်ရှုကြရန်လိုကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ရှိ အရာထမ်း/အမှုထမ်းများ၊ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ စစ်ဘေးရှောင် အရာထမ်း/ အမှုထမ်းများအတွက် ထောက်ပံ့ငွေ ကျပ်(၄၇၂၀၀၀ဝိ/-)နှင့် ဝေါလ်ကင်းရှူး၊ အတွင်းဝတ်အင်္ကျီ၊ ချွေးသိပ် ဝတ်စုံနှင့် စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပစ္စည်း တန်ဖိုးငွေ ကျပ်(၈၈၁၃၀၀ဝိ/-) စုစုပေါင်းတန်ဖိုး ငွေကျပ်(၁၃၅၃၃၀၀ဝိ/-) (ကျပ်တစ်ရာသုံးဆယ့်ငါးသိန်းသုံးသောင်းသုံးထောင်တိတိ)အား ထောက်ပံ့ပေးအပ်ခဲ့ရာ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ ဝန်ထမ်းများက လက်ခံရယူခဲ့ကြပြီး တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် အရာထမ်း/အမှုထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။