အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ(၃၀)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင်ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားကွင်း/အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားကွင်းစိမ်းလန်း‌စိုပြေ‌၍ သန့်ရှင်းသပ်ရပ်မှုရှိသည့်အတွက် ယခုအတိုင်း ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ အခက်အခဲများနှင့်လိုအပ်ချက်များအား ပံ့ပိုးကူညီထောက်ပံ့ဖြည့်ဆည်း‌ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်တာဝန်ခံ အားကစားမှူးမှ အားကစားပြိုင်ပွဲများ ကျင်းပပေးနေမှုများနှင့် အားကစားကွင်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ထပ်မံဆောင်ရွက်သွားရန် ဖြည့်စွက်ပြောကြားခဲ့သည်။ ဆက်လက်၍ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့တွင်ကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပိုက်ကျော်ခြင်းကွင်းနှင့် ဘော်လီဘောကွင်းတို့အား ထပ်မံဖောက်လုပ်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများအား ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဟုပြောကြားခဲ့သည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ မြို့နယ်အားကစားကွင်းတည်ဆောက်မည့် အထူးတန်းပွဲကြည့်စင်နေရာအား သွားရာက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခင်ပွဲကြည့်စင်အဟောင်းအား ဖျက်သိမ်း၍ ရရှိလာသော ဆယ်တင်ပစ္စည်းများဖြစ်သည့် သွပ်၊ သစ်သားများကို အကျိုးရှိရှိ ပြန်လည်အသုံးပြုသွားရန်နှင့် အားကစားခန်းမဆိုင်းဘုတ်အား အသစ်ပြန်လည်ပြုလုပ်တပ်ဆင်သွားရန် တာဝန်ရှိသူအား မှာကြားခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားကွင်းပတ်လည် အုတ်တံတိုင်းခြံစည်းရိုးကာရံနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်းအချိန်မှီပြီးစီးစေရေးနှင့်အရည်အသွေး ပြည့်မီစေရေးအတွက် လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပုသိမ်မြို့တွင် တည်ဆောက်လျက်ရှိသည့် အဆင့်မြင့်ရေကူးကန်အား သွားရာက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကူးကန်တည်ဆောက်ရာတွင် အောက်ခံကြမ်းခင်းသည် အရေးကြီးသည့်အတွက် ယခုကတည်းက စနစ်တကျ ဂရုစိုက်၍ ဆောက်ရွက်သွားကြရန် မှာကြားခဲ့ပြီး ရိုးရိုးတန်းပွဲကြည့်စင်နှင့် အထူးတန်းပွဲကြည့်စင် တည်ဆောက်နေမှုတို့အားအသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။