အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇူလိုင် ၁၈ ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးခန်း (Gold Camp) နှင့် Youth Camp တို့တွင် စခန်းသွင်း လေ့ကျင့် လျက်ရှိသည့် အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၁) ၌ ပြေးခုန်ပစ်အားကစားနည်းမှ အပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ အပြေးအားကစားသမားများနှင့် အခုန်အားကစားသမားများ၏ လေ့ကျင့်နေမှုအားလည်းကောင်း၊ အလေးမအားကစားသမားများနှင့် လက်ဝှေ့အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ မြားပစ်အားကစားသမားများ၏ မြားပစ်လေ့ကျင့်နေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် နည်းပြ/အုပ်ချုပ်သူများနှင့် အားကစားသမားများအားတွေ့ဆုံ၍ အားကစားသမားများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် အမျိုးသားအားကစားပွဲတော်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများနှင့် ဝန်ကြီးဌာနပြိုင်ပွဲများ၌ စံချိန်စံညွှန်းများကောင်းမွန်ပြီး ဆုတံဆိပ်များရရှိစေရန်အတွက် ယခုကတည်းက ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ မိမိတို့ကိုယ်တိုင် ကြိုးစားလိုစိတ်၊ ပင်ကိုယ်စွမ်းရည်နှင့် လေ့ကျင့်မှုများများပြုလုပ်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ နည်းပြများ၏ သင်ကြားပြသမှုများအတိုင်း လိုက်နာလေ့ကျင့်သွားရန်လိုကြောင်း၊ စံချိန်စံညွှန်းများ ကောင်းမွန်အောင် ခံယူချက်ကောင်းများ၊ စိတ်ဓာတ်ကောင်းများဖြင့် ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ အခက်အခဲများရှိပါက နည်းပြများမှတဆင့် တာဝန်ရှိသူများထံ သတင်းပို့တင်ပြနိုင်ကြောင်း၊ နည်းပြများအနေဖြင့်လည်း အားကစားသမားများ လေးစားအတုယူထိုက်သူများဖြစ်အောင် မိမိသားသမီးများကဲ့သို့ ဘက်လိုက်ခြင်း၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ ပြုမှုပြောဆိုနေထိုင်သွားရန်နှင့် မိမိအားကစားသမားများကို အတွေးအခေါ် မှန်ကန်ပြီး အကျင့်စာရိတ္တကောင်းမွန်သူများဖြစ်အောင် မှန်မှန်ကန်ကန် သင်ကြားလေ့ကျင့်ပေးသွားရန်လိုကြောင်း၊ အားကစားနည်းစနစ်များကို သင်ကြားပေးရုံသာမက အားကစားသမားများ၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်များ၊ မိသားစုကိစ္စရပ်များကို ကူညီဖြေရှင်းပေးသွားရန်နှင့် အခက်အခဲများရှိပါက တာဝန်ရှိသူများထံ ဆက်လက်သတင်းပို့တင်ပြသွားရန်မှာကြားခဲ့ပြီး အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၏ တင်ပြချက်များနှင့် အခက်အခဲများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




