အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အားကစားနည်းအလိုက် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး

နေပြည်တော်၊ ဖေဖော်ဝါရီ(၁၆)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင်အားကစားသမားများနှင့် (Youth Camp)ရှိ လူငယ်လက်ရွေးစင်အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမအားကစားရုံတွင် အလေးမအားကစားနည်းမှ လက်ရွေးစင်အားကစားသမား၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဖူဆယ်အားကစားရုံ၌ ဝူရှူး အားကစားနည်းမှ ထောက်လုအားကစားသမားများနှင့် ဆန်းဆိုအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဘိလိယက်အားကစားရုံတွင် အားကစာသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ Training Center Hall No.2 ၌ (Youth Camp)မှ လူငယ်လက်ရွေးစင်အလေးမ အားကစားသမားများ၏ လက်ရည်ဆန်းစစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် နည်းပြအုပ်ချုပ်သူများနှင့် အားကစားသမားများအား ဇွဲစိတ်ဓါတ်အပြည့်ဖြင့် ကြိုးစား လေ့ကျင့်သွားကြရန်နှင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ လိုအပ်ချက်များနှင့်အခက်အခဲ များရှိပါက တာဝန်ရှိသူများထံ သတင်းပို့တင်ပြနိုင်ကြောင်း၊ လိုအပ်သည်များကိုဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးထံ ဆက်လက်တင်ပြ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြားပစ်လေ့ကျင့်ရေးကွင်း၌ မြားပစ်အားကစား သမားများ၏ လက်ရည်စစ်မြားပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ပစ်ခတ်နေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၊ အားကစားရုံ(A)နှင့် ရေကူးကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် တာဝန်ရှိသူများအနေဖြင့် အားကစားကွင်း/အားကစားရုံများကို ပြုပြင်ထိန်းသိမ်းရာတွင် တစ်ခုပျက်တစ်ခုပြင် စနစ်အတိုင်း ပျက်စီးမှုများကို ချက်ချင်းသတင်းပို့တင်ပြပြီး ပြုပြင်ထိန်းသိမ်းဆောင်ရွက်မှသာ ရေရှည်တည်တံ့ပြီး အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် စနစ်တကျကြည့်ကြပ်ဆောင်ရွက်သွားရန် တာဝန်ရှိ သူများကို လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။