လူငယ်ရေးရာဦးစီးဌာန ဖွဲ့စည်းခြင်း (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ (၂)။
လူငယ်ရေးရာဦးစီးဌာန ဖွဲ့စည်းခြင်း (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ရွှေနံ့သာဓမ္မရိပ်သာ ကျောင်းတိုက်မှ သံဃာတော် (၅)ပါးအား ပင့်ဖိတ်၍ အလှူတော်ငွေများ ဆပ်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်နာကြားခြင်းနှင့် အာရုဏ် ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် (၀၆:၀၀) နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ရွှေနံသာဓမ္မရိပ်သာကျောင်းတိုက်မှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒသာရထံက ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူပြီး ဆရာ တော်၊ သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ပရိတ်တရားနာကြားခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများမှ သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ပြီး ရေစက်ချအနုမောဓနာ ခေါ်ဆိုကာ ရုပ်သိမ်းခဲ့ပါ သည်။
ယင်းနောက် လူငယ်ရေးရာဦးစီးဌာန ဖွဲ့စည်းခြင်း (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို နံနက်(၀၉:၃၀) နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနဖွဲ့စည်းခြင်း(၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြတဲ့ ဝန်ထမ်းများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်လိုပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာန တိုးတက်အောင် မြင်ရေးအတွက် ဝန်ထမ်းများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကာ ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းတာဝန်များကို ဆက်လက်ဝိုင်းဝန်းထမ်းဆောင်ကြရန်လိုအပ်ပါကြောင်းနှင့် မိမိအနေနှင့် ဝန်ထမ်းများအားလုံး ရတနာ(၃)ပါးကို စိတ်ထဲအမြဲထားရန်၊ မိဘကျေးဇူးကိုသိတတ်ရန်၊ သူတစ်ပါးအပေါ် ထိခိုက်နစ်နာအောင်မပြုလုပ်ရန်၊ သူတစ်ပါးအား တတ်နိုင်သလောက်ကူညီဆောင်ရွက်ပေးရန်နှင့် မိမိတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်တဲ့အတွက် ရတနာမြတ်(၃)ပါး ဘုရား၊ တရား၊ သံဃာ(သရဏဂုံ (၃)ပါး)ကို ဦးထိပ်ထား၍ နေ့စဉ်လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို ကျေပွန်အောင်ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများအတွက် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခဲ့ရာ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က လက်ခံရယူခဲ့ပါသည်။ ထို့နောက် လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်စကား ပြောကြားခဲ့ကာ ဝန်ထမ်းများအတွက် အမှတ်တရလက်ဆောင်ပစ္စည်းနှင့် ငွေသားကံစမ်းမဲများ ဖွင့်ဖောက်ပေးခဲ့ပြီးနောက် စားသောက်ဖွယ်ရာများနှင့် ကျွေးမွေးခဲ့ပါသည်။
ယနေ့ကျင်းပပြုလုပ်တဲ့ လူငယ်ရေးရာဦးစီးဌာနဖွဲ့စည်းခြင်း (၂)နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအပါအဝင် လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်း စုစုပေါင်း(၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။