အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လက်ဝှေ့နည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၈ ။

လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိူးဆက်သစ်အားကစားသမားများစွာ မွေးထုတ် ပေးနိုင်စေရန်နှင့် အချိန်နှင့်တပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ/နည်းဥပဒေ၊ စည်းမျဉ်း/ စည်းကမ်းများကို အချိန်တိုအတွင်း သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ် သည့် လက်ဝှေ့နည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ ပြီးနောက် အပြည်ပြည်ဆိုင်ရာ အပျော်တမ်းလက်ဝှေ့အဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ်မှတ်ပုံတင်ခဲ့ပြီး လက်ဝှေ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် မြန်မာ့လက်ရွေးစင် လက်ဝှေ့အသင်းကို အပြည်ပြည်ဆိုင်ရာအားကစားပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်စေခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးလက်ဝှေ့ ပြိုင်ပွဲများ အပြန်အလှန်စေလွှတ်ယှဉ်ပြိုင်စေခြင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ၊ အာရှ အားကစားပြိုင်ပွဲများသာမက ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများအထိ ဝင်ရောက်ယှဉ်ပြိုင်စေခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့ခြင်းကြောင့် ဆုတံဆိပ်များ မလွတ်တမ်းရယူပေးနိုင်ခဲ့ပြီး သက်တမ်းကြာရှည်စွာ ဖြတ်သန်းခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားအဖွဲ့ချုပ်တစ်ခုလည်းဖြစ်ပါကြောင်း၊ ၁၉၅၈ ခုနှစ်၊ ဂျပန်နိုင်ငံ၌ ကျင်းပ ခဲ့သည့် အာရှအားကစားပြိုင်ပွဲ ဘင်တန်ဝိတ်တန်းတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် ဗိုလ်ကြီးသိန်းမြင့်နှင့် ၁၉၆၃ ခုနှစ်၊ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် အာရှလက်ဝှေ့တံခွန်စိုက်ပြိုင်ပွဲ ဖယ်သာဝိတ်တန်းတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် တပ်ကြပ်ကြီး တင်ထွန်းတို့သည် မြန်မာ့လက်ဝှေ့အားကစားလောကတွင် အမြင့်မားဆုံးအောင်မြင်မှုများ ရရှိခဲ့သည့်အပြင် ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင် ခဲ့ကြောင်း၊ မြန်မာ့လက်ဝှေ့အားကစားအဖွဲ့ချုပ်အနေဖြင့်  ၁၉၈၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အာရှအဆင့် ဖိတ်ခေါ်ပြိုင်ပွဲ အပါအဝင် အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၁၁ ခု ရရှိခဲ့ပြီး ၁၉၅၉ ခုနှစ်၊ ပထမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ်အားကစား ပြိုင်ပွဲမှ ၂၀၂၃ ခုနှစ်၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအထိ အမိနိုင်ငံတော် အတွက် စုစုပေါင်း ရွှေတံဆိပ် ၂၇ ခု၊ ငွေတံဆိပ် ၃၇ ခု၊ ကြေးတံဆိပ် ၇၇ ခု ရယူပေးနိုင်ခဲ့ပြီး စဉ်ဆက်မပြတ် အောင်မြင်မှုများရရှိခဲ့သည့် အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒိုင်းအားကစားပြိုင်ပွဲ၊ ဝန်ကြီးဌာန ပေါင်းစုံအားကစားပြိုင်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများမှ တစ်နိုင်ငံလုံးအတိုင်း အတာအထိ အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ခဲ့ခြင်းကြောင့် ယခုလိုအောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစား အောင်မြင်တိုးတက်စေရေးအတွက် အားကစားသမားများ စနစ်တကျ စခန်းသွင်းလေ့ကျင့်နိုင်ရေး စီမံဆောင်ရွက်ပေးခြင်း၊ အားကစားကွင်း/ အားကစားရုံများနှင့် အထောက်အကူပြု အားကစားအသုံးအဆောင်ပစ္စည်းများကိုလည်း နှစ်စဉ်တိုးချဲ့ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့်လည်း မျိုးဆက်သစ် အားကစားသမားများမှသည် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများအဖြစ် ထွက်ပေါ်လာ စေရေးအတွက် လူရွေးချယ်ရေးစီမံချက်၊ အောင်နိုင်ရေးစီမံချက်များ စနစ်တကျရေးဆွဲ၍ အလေးထား ဆောင်ရွက်သွားစေလိုကြောင်း၊ နည်းပြဆရာတစ်ဦးအနေဖြင့် မိမိအားကစားသမားများကို  နည်းစနစ် ပိုင်းသာမက အထောက်အကူပြုလေ့ကျင့်ခန်းများ၊ ပြိုင်ပွဲနဲ့ပတ်သက်သည့် စည်းမျဉ်း/စည်းကမ်း သတ်မှတ်ချက်များ၊ အားကစားသမားကောင်းတစ်ဦးတွင်ရှိရမည့် စိတ်ဓာတ်၊ စည်းကမ်းလိုက်နာမှုများ ကို သင်ကြားပေးရမည့်အပြင် အင်အားဖြစ်စေမည့် အစာအာဟာရများ စားသုံးတတ်စေရန်နှင့် တားမြစ် ဆေးဝါး၏ ဆိုးကျိုးများကို နားလည်သဘောပေါက်ပြီး ရှောင်ရှားနိုင်စေရန်အတွက် အထူးသင်ကြား ပေးသွားရန်လိုကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူများ အနေဖြင့် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမှုများကို စိတ်ပါဝင်စားစွာဖြင့် ထိထိမိမိ လေ့လာသင်ယူပြီး မိမိတို့တာဝန်ကျရာ ဒေသအသီးသီးတွင် မျိုးဆက်သစ်လက်ဝှေ့အားကစားသမားများ ရှာဖွေ၊ စည်းရုံး၊ စုဆောင်း၍ လေ့ကျင့်သင်ကြားပေးသွားရန်နှင့် လာမည့် ၂၀၂၅ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ် မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် လက်ဝှေ့အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများ ထိုက်ထိုက်တန်တန်ရရှိပြီး အရည်အချင်းပြည့်ဝသည့် လက်ဝှေ့အားကစားသမားများ မွေးထုတ် ပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ(၁) ဦးကျော်ကျော်စိုးက သင်တန်းဖွင့်လှစ် ပေးခြင်း၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။      

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။