မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်တွင် ခင်းကျင်းပြသထားသည့် ပြခန်းများအား လိုက်လံကြည့်ရှုအားပေး
နေပြည်တော်၊ ဒီဇင်ဘာ(၂၁)။
နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အဓိကစွမ်းအားစုဖြစ်သည့် အနာဂတ်လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အရည်အသွေးပြည့်မီသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရေး၊ လူငယ်များ မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် အလေးထားဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ဖွဲ့စည်းထားရှိခဲ့ရာ လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပလျက်ရှိသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်တွင် ဝန်ကြီးဌာန (၁၆)ခုမှ ခင်းကျင်းပြသထား သည့် ပြခန်းများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။
လူငယ်နှင့်စာပေအနုပညာပွဲတော်ကို နိုင်ငံသားတိုင်းက အထွတ်အမြတ်ထားရသည့် လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများကိုသိရှိစေရန်၊ လူငယ်များအတွင်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေရန်၊ စာပေနှင့်အနုပညာစွမ်းအားဖြင့် အသိပညာ ဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့်အတွေးအခေါ်အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ပူးပေါင်းဆောင်ရွက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်သည်။
အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာ ပွဲတော်ကို “ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့” ဆိုသည့်ဆောင်ပုဒ်ဖြင့်ကျင်းပခြင်းဖြစ်ပြီး ပွဲတော်တွင် ဝန်ကြီးဌာနများမှ ပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ အနုပညာရှင်များနှင့် ဆွေးနွေးပွဲများ၊ တိုင်းရင်းသားရိုးရာအစားအစာဆိုင်များနှင့် စာအုပ်အရောင်းဆိုင်များကို ခင်းကျင်းပြသထားပြီး ဒီဇင်ဘာ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲအထိ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက် လေ့လာနိုင်ကြောင်းသိရသည်။




