အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ(၃)။

လူငယ်များအနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်စေရေး၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီက ကြီးမှူး၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား ကိုကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖော်ဆောင်ရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံကျသည့် လိုအပ်ချက်ဖြစ်သည့်အတွက် ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီမြင့်မားလာအောင် တိုးတက်မြှင့်တင်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်မည့် မျိုးဆက်သစ် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်၍ အသိဉာဏ်ပညာဖွံ့ဖြိုးသူများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးသွားရန်လိုကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်ရာတွင် ထူးချွန်ထက်မြက်သည့် အသိပညာရှင်နှင့် အတတ်ပညာရှင်များစွာ လိုအပ်ကြောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်များ၏ အနာဂတ်အလားအလာကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်ရန် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်များကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များ လူ့အသိုင်းအဝိုင်းတွင် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာထောက်ထားမှု၊ ရင်းနှီးဖော်ရွေမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ အပြန်အလှန်လေးစားမှုတို့နှင့် နေထိုင်ပြောဆိုဆက်ဆံ ကြပြီး စဉ်းစားဆင်ခြင်မှု အသိဉာဏ်ပညာများနှင့် ကြိုးစားအားထုတ်သွားမည်ဆိုပါက ဘဝတွင် အောင်မြင်မှုများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှလည်း လူငယ်များနှင့် ပတ်သက်၍ “ပညာပြည့်ဝ နှလုံးလှသည့် လူငယ်များ၏ အားကသာ နိုင်ငံတော်ကို စစ်မှန်သည့် အကျိုးဖြစ်ထွန်းစေခြင်းကြောင့် ပညာပြည့်ဝနှလုံးလှသည့် လူငယ်များဖြစ်အောင် ကျင့်ကြံ ကြိုးစားကြရမည်” ဟု လမ်းညွှန်ပြောကြားခဲ့ကြောင်း၊ လူသားအရင်းအမြစ်များရှိမှသာ တိုင်းပြည်၏စီးပွားရေးသည်လည်း ယခုထက်မက အဆပေါင်းများစွာ တိုးတက်လာမည်ဖြစ်ကြောင်း၊ ကျန်းမာရေးလိုက်စားပြီး ခန္ဓာကိုယ် ကြံ့ခိုင်သန်မာအောင် ကိုယ်လက်လှုပ်ရှားအားကစားများကို  နေ့စဉ်ပြုလုပ်ကြရန် လိုအပ်ကြောင်း၊ မိမိတို့၏ ပင်ကိုယ်အရည်အသွေးကို မြှင့်တင်သည့် လုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် အင်တာနက်ကို အကျိုးရှိစွာ ပညာရှာမှီးရာတွင် အသုံးချရန်၊  စာများများဖတ်ကြရန်နှင့် မိမိကျန်းမာရေးကို အထူးဂရုစိုက်ကြရန် မှာကြားလိုကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ်ချစ်စိတ်၊ ပြည်ထောင်စု စိတ်ဓါတ်၊ ငြိမ်းချမ်းရေးလိုလားသည့် စိတ်ဓါတ်များနှင့် အနာဂတ်ကို ဦးဆောင်နိုင်သည့် လူငယ်များဖြစ်အောင် ကြိုးစားနေထိုင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က “လူငယ်နှင့် ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက “မသန်စွမ်းသူများ၏ အခွင့်အရေးကာကွယ်ရေး၊ ဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ” နှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပြီး   Fitness Dance အဖွဲ့မှ သရုပ်ပြကပြဖျော်ဖြေခြင်း၊ ဗဟုသုတ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းနှင့် မေးခွန်းဖြေဆိုနိုင် သူများအား ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ဆွေးနွေးဟောပြောပေးခဲ့သည့် စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)အား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခြင်းနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်)မှ  ကျောင်းအုပ်ဆရာကြီး ဦးအောင်ထိုက်သူအား အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)မှ  ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။