အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ်(၂/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ(၂၄)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန နွေရာသီအခြေခံ ရေကူးသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင်‌ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ရေကူးကန်၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သင်တန်းဆင်း အမှာစကားပြောကြားရာတွင်  နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍနှင့် အားကစားမြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးတို့ကိုလည်း အဓိကဦးတည်ချက်ထားပြီး ဆောင်ရွက်လျက်ရှိသည့်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ အားကစားနည်းအလိုက် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်ရေးနှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရေးဆိုသည့် လုပ်ငန်းတာဝန်များကိုဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရေး၊ ကျန်းမာကြံ့ခိုင်၍ အရည်အသွေးမြင့်မားပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်ပြီး နွေရာသီအခြေခံရေကူးသင်တန်းများကို နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ယခုနှစ်နွေရာသီအတွင်း မတ်လ၌ သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို  ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ယခုသင်တန်းအမှတ်စဉ်(၂/၂၀၂၄)ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့မှ မေလ(၂၄)ရက်နေ့အထိ ထပ်မံဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ အလားတူ ရန်ကုန်မြို့ရှိ ဦးဝိစာရရေကူးကန်နှင့် မြောက်ဒဂုံရေကူးကန်တို့မှာလည်း နွေရာသီအခြေခံရေကူးသင်တန်းကို (၂)ကြိမ်စီ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ယခုသင်တန်းကိုတက်ရောက်ခဲ့ကြသည့် သင်တန်းသားများအနေဖြင့် ရေကူးအားကစားနည်းအား အရှိန်အဟုန်မြှင့်ဆက်လက်လေ့ကျင့်သွားနိုင်ရန် ဝဏ္ဏသိဒ္ဓိရေကူးအသင်းကို ဖွင့်လှစ်ပေးထားပြီးဖြစ်၍ မိမိတို့အားလပ်ချိန်တွင် လာရောက်ရေကူးလေ့ကျင့်ပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက် ဆက်လက်လေ့ကျင့်သွားကြရန်လိုကြောင်း၊ ဝဏ္ဏသိဒ္ဓိရေကူးအသင်းအနေဖြင့် သက်တမ်းအလိုက် ရေကူးပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနမှလည်း မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး ကလပ်အသင်းပေါင်းစုံရေကူးပြိုင်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးပြိုင်ပွဲများကိုလည်း ကျင်းပပေးသွားမည့်အပြင် လာမည့်ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင်လည်း ရေကူးအားကစားနည်းကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊  မိမိတို့၏ ရင်သွေးငယ်များကို နိုင်ငံတော်အတွက် တန်းဖိုးရှိသည့် လူတော်လူကောင်းများဖြစ်လာစေရန် ယခုလို နွေရာသီအားကစားသင်တန်းများ တက်ရောက်သင်ကြားစေရေးကို အားပေးတိုက်တွန်းပေးခဲ့သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် မိဘအုပ်ထိန်းသူများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းကရရှိလာမည့် နည်းစနစ်နှင့်ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့် အားကစားပညာရပ်များကို ဆက်လက်လေ့လာလိုက်စား၍ ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်သည့် ရေကူးအားကစားသမားများဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြား ခဲ့သည်။

ဆက်လက်ပြီး အသက်(၁၆)နှစ်အထက် (အမျိုးသား/အမျိုးသမီး) နွေရာသီရေကူးသင်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိခဲ့သူများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် သင်တန်းဆင်း လက်မှတ်များကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ အသက်(၁၂)နှစ်အထက် (အမျိုးသား/အမျိုးသမီး) နွေရာသီရေကူးသင်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိခဲ့သူများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် သင်တန်းနည်းပြဆရာများအား ချီးမြှင့်ငွေများကို  ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း၊ အသက်(၁၂)နှစ်အောက် (အမျိုးသား/အမျိုးသမီး) နွေရာသီရေကူး သင်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သူများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများကို ဒုတိယဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း၊ ပထမဆုရရှိသည့် သင်တန်းသား/သင်တန်းသူများကို ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် အခမဲ့ Member Card များအား ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။