အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ်(၂၉)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဝဏ္ဏသိဒ္ဓိရေကူးကန် နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈) နာရီတွင်‌ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ရေကူးကန်၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံတော်ကြီးဖြစ်စေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များချမှတ်၍ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်စေရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာလာစေရေးတို့အပြင် ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်မှုရှိစေရေးကိုလည်း အဓိကဦးတည်ချက်ထားပြီး ဆောင်ရွက်လျက်ရှိသည့်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှုမြင့်မားလာစေရေး၊ ပြည်သူလူထုတစ်ရပ်လုံး အားကစားကိုစိတ်ပါဝင်စားလာစေရေး၊ မြန်မာ့အားကစားအဆင့်အတန်းမြင့်မားလာစေရေး၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေးတို့အတွက် အားကစားကို တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များ နွေရာသီ ကျောင်းပိတ်ရက်များတွင် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရေး၊ နွေရာသီအခြေခံရေကူးသင်တန်းမှ ကျန်းမာကြံ့ခိုင်၍ အရည်အသွေးမြင့်မားပြီး ထူးချွန်ထက်မြတ်သည့် ရေကူးမျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်ပြီး ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ နွေရာသီအခြေခံရေကူးသင်တန်းများကို နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို ၂၀၂၄ ခုနှစ်၊ မတ်လ(၄)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ယခုသင်တန်းကိုတက်ရောက်ခဲ့ကြသည့် သင်တန်သားများနေဖြင့် ရေကူးအားကစားနည်းအား ဆက်လက်လေ့ကျင့်သွားနိုင်ရန် ဝဏ္ဏသိဒ္ဓိရေကူးအသင်းကို ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း၊ နောက်သင်တန်းများကိုလည်း သင်္ကြန်ကာလအပြီးတွင် ထပ်မံဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ဝဏ္ဏသိဒ္ဓိရေကူးအသင်းအနေဖြင့် သက်တမ်းအလိုက် ရေကူးပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနမှလည်း မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်နှင့်ပူးပေါင်းပြီး ကလပ်အသင်းပေါင်းစုံရေကူးပြိုင်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးရေကူးပြိုင်ပွဲများကိုလည်း ကျင်းပပေးသွားမည့်အပြင် လာမည့်ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစား ပွဲတော်တွင်လည်း ရေကူးအားကစားနည်းကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ မိဘအုပ်ထိန်းသူများ အနေဖြင့် မိမိတို့၏ ရင်သွေးငယ်များကို နိုင်ငံတော်အတွက် တန်းဖိုးရှိသည့် လူတော်လူကောင်းများ ဖြစ်လာစေရန် ယခုလို နွေရာသီအားကစားသင်တန်းများ တက်ရောက်သင်ကြားစေရေးကို အားပေး တိုက်တွန်းပေးစေလိုပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းကရရှိလာမည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီးအဆင့်မြင့်အားကစားပညာရပ်များကို ဆက်လက်လေ့လာ လိုက်စားရင်း နိုင်ငံ့ဂုဏ်ဆောင် ရေကူးအားကစားသမားများဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အသက်(၁၆)နှစ်အထက် (အမျိုးသား/အမျိုးသမီး) နွေရာသီရေကူးသင်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိခဲ့သူများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် သင်တန်းဆင်း လက်မှတ်များကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ အသက်(၁၂)နှစ်အထက် (အမျိုးသား/အမျိုးသမီး) နွေရာသီရေကူးသင်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိခဲ့သူများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် သင်တန်းနည်းပြဆရာများအား ချီးမြှင့်ငွေများကို ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း၊ အသက်(၁၂)နှစ်အောက် (အမျိုးသား/အမျိုးသမီး) နွေရာသီရေကူး သင်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သူများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် ပထမဆုရရှိသည့်သင်တန်းသား/သင်တန်းသူများကို ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် အခမဲ့ Member Card များအား ညွှန်ကြားရေးမှူးချုပ်များကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။