အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် ဩဂုတ် ၂၃။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက ပြေးခုန်ပစ်အားကစားနည်းသည် မျက်မှောက်ခေတ်ကာလ အားကစားပြိုင်ပွဲကြီးများတွင် အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့်အပြင် လူသားတို့၏စွမ်းရည်ကို ဖော်ထုတ်ပြသရာ ရှေးဦးလမ်းပြ အားကစားနည်းလည်းဖြစ်ပါကြောင်း၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲအပါအဝင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကဲ့သို့ အားကစားပြိုင်ပွဲကြီးများတွင် ရွှေတံဆိပ် စုစုပေါင်း ၄၀ ကျော် ချီးမြှင့်လေ့ရှိသည့် အားကစားနည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု မြင့်မားစေရန်အတွက် ပြေးခုန်ပစ်အားကစားနည်းတွင် အောင်မြင်မှုရရှိရန် အသက်သွေးကြောပမာ အရေးကြီးပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က

မြန်မာ့အားကစားကဏ္ဍကို အစွမ်းကုန် အားပေးချီးမြှောက်နေသည့် အချိန်တွင် အားကစားသမားများအနေဖြင့် အောင်မြင်လိုသည့်စိတ်ကိုအခြေခံကာ လုံ့လဝီရိယဖြင့် အားထုတ်ကြိုးပမ်းသင်ယူလေ့ကျင့်ပြီး ယခုပြိုင်ပွဲတွင် မိမိတို့၏ အစွမ်းအစအရည်အသွေးကို ဖော်ထုတ်ပြသကြစေလိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရပြီး တိုင်းတစ်ပါးမြေတွင် အမိမြန်မာနိုင်ငံတော်၏အလံကို တိုင်ထိပ်ရောက်အောင်လွှင့်ထူနိုင်စွမ်းရှိကြသည့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် ပြေးခုန်ပစ်အားကစားသမားကောင်းများ ဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားရင်း ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ဆက်လက်၍ မြန်မာ့လက်ရွေးစင်ပြေးခုန်ပစ်အားကစားသမားဟောင်း ဒေါ်ဂျနီဖာတင်လေးက နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရရှိခဲ့သည့်ဆုတံဆိပ် ၁၄ ခုအား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းတွင် မှတ်တမ်းတင်ထိန်းသိမ်းထားရှိရန်အတွက် ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

ယနေ့ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် အမျိုးသား/ အမျိုးသမီး (မီတာ ၄၀၀၊ ၁၀၀ x ၄ လက်ဆင့်ကမ်းနှင့် တန်းမြင့်ခုန်)ပြိုင်ပွဲများ၊ အမျိုးသား (မီတာ ၁၀၀၀၀ လမ်းလျှောက်နှင့် မီတာ ၃၀၀၀) ပြိုင်ပွဲများ၊ လေ့ကျင့်ရေးကွင်း အမှတ်(၁)တွင် အမျိုးသား/ အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲများ၏ လူရွေးပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကိုယှဉ်ပြိုင်ကစားခဲ့ရာ (အမျိုးသား) မီတာ ၁၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲ၌ ၂၀၀၆ ခုနှစ်တွင် ပြည့်ဖြိုးထွန်း (ရန်ကုန်တိုင်းဒေသကြီး) တင်ထားသောစံချိန် ၄၉ မိနစ် ၂၁ ဒသမ ၀၃ စက္ကန့်အား သန့်ဇင်အောင် (ရှမ်းပြည်နယ်)က ၄၈ မိနစ် ၄၈ ဒသမ ၁၄ စက္ကန့်နှင့် နိုင်လင်းထွန်း (ရှမ်းပြည်နယ်) က ၄၇ မိနစ် ၅၁ ဒသမ ၁၅ စက္ကန့်ဖြင့်လည်းကောင်း၊ (အမျိုးသမီး) သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် နန်းအွမ်ဆိုင်ခမ်း (ရှမ်းပြည်နယ်) သည် ၂၀၁၉ ခုနှစ်တွင် မူကိုဖော (ကယားပြည်နယ်) တင်ထားသော စံချိန် ၃၅ ဒသမ ၀၈ မီတာထက်သာလွန်၍ စံချိန် ၃၆ ဒသမ ၅၅ မီတာဖြင့်လည်းကောင်း စံချိန်သစ်များတင်နိုင်ခဲ့ကြသည်။

ဩဂုတ် ၂၄ ရက် နံနက် ၆ နာရီခွဲမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း အမှတ် (၁) တို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ် အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသမီး) မီတာ ၅၀၀၀ လမ်းလျှောက်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး(ကြိုးတပ်သံလုံး ပစ်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ မီတာ ၈၀၀ ပြိုင်ပွဲ၊ မီတာ ၂၀၀ ပြိုင်ပွဲနှင့် မီတာ ၄၀၀ တန်းကျော်ပြိုင်ပွဲ)၊ (အမျိုးသမီး) မီတာ ၂၀၀၀ တားဆီးကျော် အပြေးပြိုင်ပွဲတို့ကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီးများက အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး၊ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် ပြေးခုန်ပစ်မျိုးဆက်သစ် လူငယ်များပေါ်ထွက်လာစေရေးရည်ရွယ်ချက်များဖြင့် ဩဂုတ် ၂၃ ရက်မှ ၂၆ ရက်အထိ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁) တို့တွင် ကျင်းပပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း စုစုပေါင်းအင်အား ၄၅၂ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အားကစားကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။