နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်
နေပြည်တော်၊ ဇွန် ၇။
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲအသင်းလိုက် ဗိုလ်လုပွဲစဉ်အဖြစ် ကချင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဦးအောင်ကျော်ဟိုးနှင့် ဦးကိုကိုလှိုင်တို့က ၄၂ ကီလိုတန်းအောက် အမျိုးသမီးတစ်ဦးချင်း ဂျူဒိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများ၊ ၄၅ ကီလိုတန်းအောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများနှင့် ၅၀ ကီလို တန်းအောက် အမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က ၅၅ ကီလိုတန်းအောက် အမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက အမျိုးသား၊ အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းနှင့် ပူးတွဲတတိယဆုရရှိကြသည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို ဂုဏ်ပြုဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုနှင့် အမျိုးသားအကောင်းဆုံး အားကစားသမားဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ပိုးရယ်အောင်သိန်းတို့က အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် ကချင်ပြည်နယ်အသင်းနှင့် အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် ကချင်ပြည်နယ်အသင်းကို တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီး အသင်း ၁၅ သင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၃၀ မှ အသင်းအုပ်ချုပ် သူ/နည်းပြ၊ အားကစားသမားအင်အား စုစုပေါင်း ၂၆၉ ဦးဖြင့် ပြိုင်ပွဲကာလ ဇွန် ၄ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။





