အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၂၂

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ် သူ/ နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား မောင်မယ်များသည် မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသင်း အောင်မြင်မှုရရှိရေးအတွက် မိမိတို့၏အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မြန်မာ့လက်ရွေးစင်အသင်းကို အင်အားဖြည့်တင်းနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်း တိုက်တွန်းမှာကြားရင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး အမျိုးသားပိုက်ကျော်ခြင်း နှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ နေပြည်တော်ကောင်စီနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အသင်းတို့ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လာရောက်ယှဉ်ပြိုင်ကြသည့် ပိုက်ကျော်ခြင်းအားကစားသမားများ အချင်းချင်းချစ်ကြည် ရင်းနှီးမှုရရှိပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်းတိုးတက် မြင့်မားလာစေရေးနှင့် နိုင်ငံကိုယ်စားပြု မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၁၂သင်း၊ အားကစားသမား စုစုပေါင်း ၂၆၂ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ်