အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ (၂၂)။

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပရာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် အသီးသီးမှ ကျောင်းအုပ်ကြီးများ၊ အားကစားအဖွဲ့ခေါင်းဆောင်များ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ နည်းပြများ၊ အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် အားကစားသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ စည်းကမ်းလိုက်နာတတ်မှုတို့ကို ထင်ဟပ်ပေါ်လွင်စေနိုင်သည့် စွမ်းရည်ပြပြိုင်ပွဲတစ်မျိုးဖြစ်ကြောင်း၊ အားကစားပြုလုပ်ခြင်းကြောင့် ပထမဆုံးရရှိသည့် အကျိုးကျေးဇူးသည် တစ်ကိုယ်ရေ ကျန်းမာကြံ့ခိုင်ရေးဆိုသည့် ကောင်းကျိုးပင်ဖြစ်ကြောင်း၊ အသင်းအဖွဲ့နှင့် ကစားရသည့် အလေ့အထမှတစ်ဆင့် အချင်းချင်းစည်းလုံးညီညွတ်မှု တစ်နည်းအားဖြင့် စုပေါင်းစိတ်ဓာတ်ကိုရရှိစေပြီး ထိုမှတစ်ဆင့် နိုင်ငံ့ဂုဏ်၊ အမျိုးသားရေးဂုဏ်ကို ဆောင်ကြဉ်းလိုသည့် အမျိုးသားရေးစိတ်ဓာတ် ပိုမိုထက်သန်လာစေမည်ဖြစ်ကြောင်း။

လူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေရေး အစဉ်တစိုက်ကြိုးပမ်းမြှင့်တင်နေရမည်

အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုကြရမည့် ယနေ့လူငယ်များအနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံစေရေးကို အစဉ်တစိုက် ကြိုးပမ်းမြှင့်တင်တည်ဆောက်နေကြရမည်ဖြစ်ကြောင်း၊ “ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးဘက်စုံ ပညာရေး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်ထူးချွန်သည့် ကျောင်းသား ကျောင်းသူများ ပေါ်ထွန်းလာစေရန် လိုအပ်ကြောင်း။

ပညာရည်မြင့်မားရေးနှင့် ကျန်းမာကြံ့ခိုင်စေရေးအတွက် ထိထိရောက်ရောက် အထောက်အကူ ပြုနိုင်မှုသည် ကိုယ်လက်လှုပ်ရှားအားကစားပင်ဖြစ်ကြောင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် အားကစားနှင့် ပညာရေးတို့သည် ခွဲခြားမရသည့် အရာများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အားကစားဝန်ကြီးဌာနကို အဆင့်မြှင့်တင်ပြီး လူငယ်ကဏ္ဍကိုပါ ဦးစားပေးလုပ်ဆောင်နိုင်အောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

ယခု ပညာရေးဒီဂရီကောလိပ်အဆင့်ပြိုင်ပွဲတွင် ဘောလုံး (ကျား) ၊ ဘော်လီဘော (ကျား) (မ)၊ ပိုက်ကျော်ခြင်း (ကျား)နှင့် ပြေးခုန်ပစ်အားကစားနည်းများစသည်ဖြင့် ပါဝင်မည်ဖြစ်ကြောင်း၊ ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲကို ယခင်နှစ်ကစပြီး နေပြည်တော်တွင် ဗဟိုအဆင့်အနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ပညာရေးဒီဂရီကောလိပ်အသီးသီး၏ ကျောင်းတွင်းအားကစား ပြိုင်ပွဲများမှတစ်ဆင့် အထက်မြန်မာပြည်ဇုန်၊ အောက်မြန်မာပြည်ဇုန် ဇုန်အဆင့်ပွဲများကို အဆင့်ဆင့်ယှဉ်ပြိုင်ခဲ့ကြပြီးမှ ဗဟိုအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း။

ကြိုးစားအားထုတ်မှုများနှင့် အောင်မြင်မှုများကို ချီးကျူးဂုဏ်ပြု

ယခုနှစ်တွင် ထူးခြားချက်မှာ ဇုန်အဆင့်တွင် အသင်းလိုက်ရွေးချယ်ခြင်းမျိုးမဟုတ်ဘဲ ဇုန်အဆင့် ယှဉ်ပြိုင်သူ ကျောင်းသားအားလုံးထဲကမှ လက်ရွေးစင်များ ရွေးချယ်ပြီး ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်၍ ယခုလို ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရသည့် မောင်တို့မယ်တို့၏ ကြိုးစားအားထုတ်မှုများနှင့် အောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုကြောင်းကို ပြောကြားလိုကြောင်း။

ထိုသို့ ဒီဂရီကောလိပ်အဆင့်၊ ဇုန်အဆင့်၊ ဗဟိုအဆင့် အားကစားပွဲများ ကျင်းပပေးခြင်းအားဖြင့် ကျောင်းသား ကျောင်းသူများသည် အချင်းချင်းထိတွေ့မှု၊ ချစ်ခင်ရင်းနှီးမှု၊ ညီညွတ်မှု၊ ဒေသန္တရ ဗဟုသုတများရရှိမှုအပြင် အားကစားတွင် ထူးချွန်သည့် အခြေခံပညာဆရာ ဆရာမများအဖြစ် ပေါ်ထွန်းလာစေမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အခြေခံပညာအတွက် ပညာရေးနှင့် အားကစားစွမ်းရည်ကိုပါ အားထားရသည့် ဘက်စုံထူးချွန်သည့် ဆရာများ မွေးထုတ်ပေးနိုင်မည် ဖြစ်ကြောင်း။

၁၉၆၆ ခုနှစ် အာရှအားကစားပြိုင်ပွဲ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့

ယခုကဲ့သို့ တက္ကသိုလ်/ကောလိပ်အဆင့် အားကစားပြိုင်ပွဲများ ပြုလုပ်ခဲ့ခြင်းကြောင့် ခေတ်အဆက်ဆက် နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်နှင့် ကောလိပ်များမှ ထူးချွန်အားကစားသမားများ ပေါ်ထွန်းမှုကိုကြည့်ပါက စစ်ပြီးခေတ် ရန်ကုန်တက္ကသိုလ်ဘောလုံးအသင်းမှ လက်ရွေး စင်များဖြစ်ကြသည့် ကောလိပ်ဂျင်နေဝင်း၊ ထွန်းကြည်၊ အောင်ခင်၊ ကက်နက်ရှိန်၊ တင်မောင်၊ စိုးမြင့်၊ စောဦး၊ မောင်ပြုံး၊ ကျော်ကျော်၊ မောင်မောင်၊ ငွေကိုင်၊ ဂျွန်တင့်၊ ဘန်နီတင်အောင်၊ ခင်မောင်ဝင်း၊ ခင်မောင်ဇော်၊ ဘမောင်တို့သည် မြန်မာလူငယ်လက်ရွေးစင်အသင်း၊ လူကြီးလက်ရွေးစင်အသင်းတို့တွင် ပါဝင်ကစား ခဲ့ကြသည့် ပရိသတ်အသည်းစွဲ နာမည်ကျော် ကစားသမားများပင်ဖြစ်ကြကြောင်း၊ ဂိုးသမားဂျပ်ဆင်ဆိုပါက ရန်ကုန်တက္ကသိုလ်လက်ရွေးစင်မှ မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ကြောင်း၊ ၁၉၆၆ ခုနှစ်က အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့စဉ် မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းက နောက်ဆုံးဗိုလ်လုပွဲတွင် အီရန်နိုင်ငံအသင်းကို အနိုင်ရပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည့် အစဉ်အလာကောင်းများရှိခဲ့ပါကြောင်း၊ ဘော်လီဘောတွင် ကျော်ဟန်၊ အေးထွန်း၊ စန်းစန်းဖေ၊ ဖြူဖြူဇော် စသည့် တက္ကသိုလ်ဘော်လီဘောသမားများနှင့် ဘတ်စကက်ဘောတွင် ဉာဏ်မင်းတို့သည် မြန်မာ့ လက်ရွေးစင်များအဖြစ် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများ ဖြစ်ကြကြောင်း။

၁၉၆၂ ခုနှစ် အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးနိုင်ခဲ့သည့် တင်မောင်နီနှင့် ၁၉၆၉ ခုနှစ် ရန်ကုန်ကျွန်းဆွယ်ပြိုင်ပွဲတွင် တစ်ဦးတည်း ရွှေတံဆိပ် သုံးခု ဆွတ်ခူးနိုင်ခဲ့သည့် နန္ဒကျော်စွာတို့သည် ဆုတံဆိပ်များစွာဆွတ်ခူးခဲ့သည့် တက္ကသိုလ်ရေကူးအားကစားသမားများ ဖြစ်ကြကြောင်း၊ ကြက်တောင်တွင် မောင်လှ၊ ကျော်ထွန်း၊ မြင့်မြင့်ခင် (မန္တလေး)တို့မှစကာ မြလေးစိန်အထိ မြန်မာ့လက်ရွေးစင် ကြက်တောင်ရိုက်အားကစားသမားများသည် တက္ကသိုလ်လက်ရွေးစင်အသင်းသားများပင်ဖြစ်ကြကြောင်း၊ ထို့ကြောင့် ယခုလို တက္ကသိုလ်ပေါင်းစုံ၊ ပညာရေးကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများမှ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများ ထပ်မံပေါ်ထွန်းလာလိမ့်မည်ဟု ယုံကြည်သည့်အတွက် တစိုက်မတ်မတ် ကြိုးစားသွားကြပါဟု တိုက်တွန်းလိုပါကြောင်း။

အားကစားဆိုသည်မှာ ကာယအားနှင့် ဉာဏအားကို အသုံးချပြီး လှုပ်ရှားရသည့် ယှဉ်ပြိုင်မှုဖြစ်

အားကစားဆိုသည်မှာ ကာယအားနှင့် ဉာဏအားကို အသုံးချပြီး လှုပ်ရှားရသည့် ယှဉ်ပြိုင်မှု ဖြစ်ခြင်းကြောင့် အနိုင်မခံအရှုံးမပေးသည့် ခိုင်မာသောစိတ်ဓာတ် ဖြစ်ပေါ်စေသည့်အပြင် အနိုင်အရှုံး တစ်ခုတည်းကို ယှဉ်ပြိုင်ခြင်းမျိုးမဟုတ်ဘဲ သန့်ရှင်းမှန်ကန်သည့် နည်းလမ်းနှင့် အားကစားစိတ်ဓာတ် အပြည့်အဝထားပြီး ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ကစားခြင်းအားဖြင့် တရားမျှတမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ အပြန်အလှန် လေးစားမှုစသည့် ကောင်းမြတ်သည့် အလေ့အထများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း။

ထို့အပြင် အားကစားဆိုသည်မှာ ကြံ့ခိုင်မှု၊ ခွန်အားရှိမှု၊ လျင်မြန်မှု၊ ကျွမ်းကျင်မှု၊ ခံနိုင်ရည်ရှိမှု၊ ပူးပေါင်းဆောင်ရွက်မှုစသည့် အခြေခံအချက် (၆)ချက်အပေါ်တွင် မူတည်နေခြင်းကြောင့် ထိုအရည်အသွေးများ ပြည့်စုံသည်ထက် ပြည့်စုံနေအောင်၊ ပြည့်ဝသည်ထက် ပြည့်ဝနေအောင် အစဉ်ကြိုးစားတည်ဆောက် သွားကြရမည်ဖြစ်ကြောင်း၊ အားကစားနယ်ပယ်အောင်မြင်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုပါ ပြသနေခြင်းဖြစ်သည့်အတွက် အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ရာတွင် ကိုယ့်အဖွဲ့အစည်းအတွက်တင် မဟုတ်ဘဲ မိမိလူမျိုး၊ မိမိနိုင်ငံတော်၏ ကျေးဇူးကိုဆပ်နိုင်သည့် အမျိုးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်စေရန်အထိ ရည်မှန်းချက်ထားပြီး အားသွန်ခွန်စိုက် ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

သန့်ရှင်းမျှတစွာ ယှဉ်ပြိုင်ပြီး စည်းကမ်းကို တန်ဖိုးထားသူများအဖြစ် မှတ်တမ်းတင်နိုင်အောင် လုပ်ဆောင်ရမည်

အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများ၏ ကြိုးစားအားထုတ်မှုနှင့် ပညာရေး ဒီဂရီကောလိပ်များ၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ကြရာတွင် “ငုပ်မိသဲတိုင်၊ တက်နိုင် ဖျားရောက်” ဆိုသကဲ့သို့ မလျှော့သော ဇွဲ၊ သတ္တိ၊ ပြင်းပြသော လုံ့လတို့နှင့် “လှေခွက် ချည်းကျန်၊ အလံမလှဲ” ဆိုသည့် စိတ်ဓာတ်၊ အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓာတ်များနှင့် သန့်ရှင်းမျှတစွာယှဉ်ပြိုင်ပြီး စည်းကမ်းကို တန်ဖိုးထားသော ကျောင်းသား ကျောင်းသူများအဖြစ် မှတ်တမ်းတင်နိုင်အောင် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း။

အားကစား မောင်တို့မယ်တို့သည် ယှဉ်ပြိုင်ကစားရာတွင် အားကစားသမား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားခြင်း၊ ချစ်ခင်ညီညွတ်ခြင်း၊ ကူညီရိုင်းပင်းခြင်း၊ ရဲဘော်ရဲဘက်စိတ် ထားရှိခြင်းတို့နှင့် ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ အားကစားလေ့ကျင့်ရာတွင်သော်လည်းကောင်း၊ အားကစားယှဉ်ပြိုင်ရာတွင်သော်လည်းကောင်း၊ ပွင့်လင်းမှု၊ သည်းခံမှု၊ ခွင့်လွှတ်မှု၊ စိတ်ရှည်ရှည်ထားမှု၊ နိုးကြားမှု၊ ကြိုးစားမှုတို့ ထားရှိလုပ်ဆောင်ကြရန် အလေးအနက် တိုက်တွန်းပြောကြားလိုကြောင်း၊ မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင်သည့် ပညာရေးဒီဂရီကောလိပ်များအတွက် ဂုဏ်ဆောင်ဆုတံဆိပ်များစွာ ရယူဆွတ်ခူးနိုင်ကြပါစေကြောင်း၊ အစဉ်အလာကြီးမားသော ပညာရေးဒီဂရီကောလိပ်များအဖြစ် ဆက်လက်ရပ်တည်သွားနိုင်ကြပါစေကြောင်း၊ ဘက်စုံထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးမည့် ဆရာ ဆရာမလောင်းများ အနေဖြင့် ကိုယ်တိုင်ဘက်စုံ ထူးချွန်နေရန် ဆက်လက်ကြိုးစားသင်ယူလေ့ကျင့်နိုင်ကြပါစေကြောင်း ပြောကြားပြီး “၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံမှ အားကစားပြိုင်ပွဲအထိမ်းအမှတ်အလံကို အားကစား မောင်မယ်များက စုပေါင်းသယ်ယူ၍ လွှင့်တင်ပြီး အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများက အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။

ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်း များမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မိတ္ထီလာပညာရေးဒီဂရီကောလိပ်၊ လှည်းကူးပညာရေး ဒီဂရီကောလိပ်နှင့် တောင်ငူပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းသား ကျောင်းသူများက Physical Fitness Dance ၊ မြန်မာ့သိုင်း၊ ပဝါက၊ မြန်မာ့ခြင်းဝိုင်းနှင့် အေရိုးဗစ်သရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ အားကစားနည်းများအလိုက် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပသွားမည်ဖြစ်ပြီး ပညာရေးဒီဂရီကောလိပ်ပေါင်းစုံမှ အားကစားမောင်မယ် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၈၀၀ ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။