အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီးဦးမျိုးလှိုင် အား/ကာသိပ္ပံ(လွိုင်ကော်)နှင့် ကယားပြည်နယ် အား/ကာဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သင်တန်းသား/သူများအတွက် လိုအပ်သည်များဖြည့်ဆည်းထောက်ပံ့

နေပြည်တော်၊ ဇန်နဝါရီ(၂၇)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)သို့ ရောက်ရှိနေကြသည့် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)မှ အရာထမ်း/အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ သင်တန်းသား/သင်တန်းသူများနှင့် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ရုံးသို့ ရောက်ရှိနေကြသည့် ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် လိုအပ်သည့် မီးဖိုချောင်သုံးပစ္စည်းများ၊ ရေမြုပ်အိပ်ရာခင်း၊ ဆန်နှင့်ဆီတို့ကို သွား‌ရောက်ထောက်ပံ့‌ပေးခဲ့ပြီးနောက် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ သင်တန်းသား/သင်တန်းသူများ၏ အခက်ခဲများနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သင်တန်းသား/သင်တန်းသူများအတွက် အားကစားနှင့်လူငယ်ရေးရာရေးရာဝန်ကြီးဌာနမှ ပစ္စည်းတန်ဘိုး (၅၅)သိန်းခွဲနှင့် ငွေသားသီးသန့် ကျပ်(၂၂)သိန်းတို့ကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ထောက်ပံ့ပေးခဲ့ပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ဆန်အိတ်(၁၀)အိတ်၊ ဆီ(၆၀) ပိဿာ၊ စုစုပေါင်း တန်ဘိုး‌ငွေကျပ် (၁,၁၅၄,၀၀၀)နှင့် ဦးထုပ်ပါအနွေးထည်အင်္ကျီနှင့် ဖလန်ထည်အင်္ကျီ စုစုပေါင်းအထည် (၁၄၅)ထည်တို့ကို ဖြည့်ဆည်းထောက်ပံ့ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် ပြည်နယ်အားကစားကွင်းတွင် ကျင်းပလျက်ရှိသည့် အသက် (၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ (အမျိုးသား) ဘောလုံး ပြိုင်ပွဲယှဥ်ပြိုင်ကစား‌နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)တို့မှ သင်တန်းသား/သင်တန်းသူများ၏ သက်ဆိုင်ရာအားကစားနည်းများအလိုက် လေ့ကျင့်သင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် သင်တန်း သား/သင်တန်းသူများ၏ ညနေစာ စားသောက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။