အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၁၄)။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ကို ယနေ့နံနက် (၉)နာရီတွင် ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက In-Person ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌများက Video Conferencing ဖြင့်လည်းကောင်းတက်ရောက်ကြသည်။

အစီအစဉ်အရ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)သည် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီကို ဖွဲ့စည်းပြီးနောက် ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအား နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျပြုစုပျိုးထောင်ပေးရာတွင် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်များအား ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီများကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ လူငယ်ရေးရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် အဓိကဦးဆောင်ဝန်ကြီးဌာနများဖြစ်ကြသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် အာဆီယံအသိုက်အဝန်း၊ INGO အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီး လူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းပြည်၏ အခန်းကဏ္ဍအားလုံးကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်သည့် အသိဉာဏ်ဖွံ့ဖြိုးသူများ ဖြစ်လာစေရန် စနစ်တကျ ပြုစုပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ပြည်နယ်များတွင် နွေရာသီသင်တန်းများ (အားကစားသင်တန်းများ)အပါအဝင် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်ဘာသာစကားသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ပန်းချီသင်တန်းများကို ဖွင့်လှစ်ပေးသွားရန် တိုက်တွန်းပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး (AMMY)၏ ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်လျက်ရှိပါကြောင်း၊ (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများကိုလည်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည့်အတွက် ဗဟိုကော်မတီဝင် ဆက်စပ်ဝန်ကြီးဌာနများကလည်း သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ မသန်စွမ်းလူငယ်များ၏ အခွင့်အရေး တန်းတူညီမျှရရှိစေရေးနှင့် လူ့အဖွဲ့အစည်းအတွင်း အပြည့်အဝပါဝင်ခွင့်ရရှိစေရေးအတွက် မသန်စွမ်းလူငယ်များ၏ ဘဝမြှင့်တင်ပေးနိုင်ရေးကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ လူငယ်ရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းအချို့ကို တွဲဖက်တာဝန်ပေးစေလွှတ်ထားရှိပြီး ကျန်ရှိနေသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ထပ်မံစေလွှတ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူငယ်ရေးရာဦးစီးဌာန ဦးစီးမှူးရုံးများကိုလည်း ဖွင့်လှစ်သွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများက လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကစွမ်းအားစုများအဖြစ် ပါဝင်လာစေရန် ဗဟိုကော်မတီအနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များနှင့် နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။