အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အထောက်အကူပြုရုံးအဖွဲ့အစည်းအဝေး တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မေ(၃၀)။

 ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ရုံးလုပ်ငန်းကိစ္စရပ်များ လျှင်မြန်ချောမွေ့စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အထောက်အကူပြုရုံးအဖွဲ့ အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲ‌တော် ကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရုံးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အထောက်အကူပြုရုံးအဖွဲ့အား ဖွဲ့စည်းပေးရခြင်းဖြစ်ပါကြောင်း၊ ယခုဖွဲ့စည်းပေးသည့် ရုံးအဖွဲ့သည် Focal ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဆပ်ကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အထောက်အကူပြု ရုံးအဖွဲ့တွင်ပါဝင်သည့် အဖွဲ့ဝင်များအားလုံး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်လုပ်ငန်းစီမံချက်ကို သိရှိနားလည်ထားရန်လိုကြောင်း၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ(၁)ရက်မှ (၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၉)ရက်နေ့နှင့် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၂၀)ရက်နေ့တို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း၊ အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား အင်အား(၆၀၀၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ခန့်မှန်းသိရှိရပါကြောင်း၊ ပြိုင်ပွဲများကို Schedule ရေးဆွဲ၍ စနစ်တကျဆောင်ရွက်သွားမည်ကြောင်း၊ အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ကျရာအခန်းကဏ္ဍမှ အားလုံးဝိုင်းဝန်းပူပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်ပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲ‌တော်ကျင်းပရေးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ယခင်ကျင်းပခဲ့သည့် အမျိုးသားအားကစားပွဲတော်များတွင် အထောက်အကူပြုရုံးအဖွဲ့မရှိသည့်အတွက် မှတ်တမ်းများ ထိန်းသိမ်းမှုအားနည်းသည်ကိုတွေ့ရှိရကြောင်း၊ သို့ဖြစ်ပါ၍ မှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းနိုင်ရန်နှင့် ရုံးလုပ်ငန်းများအချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန်အတွက် ဌာနခွဲများမှ ဝန်ထမ်းများအား စိစစ်ရွေးချယ်ပြီး ပြည်ထောင်စုဝန်ကြီး၏အတည်ပြုချက်ဖြင့် အထောက်အကူပြုရုံးအဖွဲ့အား ဖွဲ့စည်းရခြင်းဖြစ်ပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များအား ယခုအထောက်အကူပြုရုံးအဖွဲ့မှ စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲကျင်းပရေးနှင့် ပတ်သက်သည့်အစည်းအဝေးများနှင့် ရုံးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များအား Hard Copy နှင့် Soft Copy နှစ်မျိုးလုံးဖြင့် စနစ်တကျမှတ်တမ်းထိန်းသိမ်းထားရှိရန်လိုကြောင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အထောက်အကူပြုရုံးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်းပြီး တင်ပြခဲ့မှုအပေါ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးအားရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီအထောက်အကူပြုရုံးအဖွဲ့ ရုံးခန်းဖွင့်လှစ်မည့်အခန်းနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲ‌တော် ကျင်းပရေးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီအထောက်အကူပြုရုံးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။