အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ပဲခူး၊ စက်တင်ဘာလ(၁၁)ရက်။

ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်း ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ၏ အနာဂတ်ကို ဆက်လက်တာဝန်ယူသွားမည့် လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး လူငယ်များကလည်း အသိပညာဗဟုသုတပြည့်စုံစေရန်၊ အမှား/အမှန် ကောင်းကျိုးဆိုးပြစ်များကို ဝေဖန်ပိုင်းခြားနိုင်ရန်နှင့် နောင်တစ်ချိန် နိုင်ငံ့တာဝန်များကို ထမ်းဆောင်သည့်အခါ ရဲရင့်ယုံကြည်စွာဖြင့် အများအကျိုးသယ်ပိုးထမ်းဆောင်နိုင်သော တိုင်းပြည်ကအားထားရသော သားကောင်းသမီးမွန်များဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က “တိုင်းပြည်အနာဂတ်အတွက် လူငယ်များ၏ အရေးပါမှုအခန်းကဏ္ဍ”နှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် ကျောင်းသား/သူများလေးက တစ်ဦးချင်း မိတ်ဆက်ခဲ့ပြီး လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခြင်းနှင့် မေးခွန်းများ မေးမြန်း/ဖြေကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က တစ်ဦးချင်း လက်ဆောင်ပစ္စည်း၊ အားကစားပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်ခဲ့ရာ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးအေးခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟို ကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအတွင်းရေးမှူး၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က တိုင်းဒေသကြီးအတွင်း လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် လူငယ်များ ဘက်စုဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်နေမှု လုပ်ငန်းများ အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များက ပြန်လည်အကြံပြုတင်ပြခဲ့မှုပေါ် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။