အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အားကစားဖိုရမ်သို့ တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်စိုးနှင့်အတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Samara မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အားကစားဖိုရမ်သို့ တက်ရောက်ရန်အတွက် နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ (TG 302) လေယာဉ်ဖြင့်လည်းကောင်း၊ ဘန်ကောက်မြို့မှ ဒူဘိုင်းမြို့သို့ (EK 373)လေယာဉ်ဖြင့်လည်းကောင်း၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဒူဘိုင်းမြို့မှ မော်စကိုမြို့သို့ (EK 129) လေယာဉ်ဖြင့် လည်းကောင်း၊ မော်စကိုမြို့မှ Samara မြို့သို့ (S71073) လေယာဉ်ဖြင့်လည်းကောင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများဖြင့် ထွက်ခွာခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်လံပို့ဆောင်ခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Samara မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် First Asian Cooperation Dialouge Ministerial Meeting on Sports သို့ တက်ရောက်ခဲ့ပြီး “ရုရှားနိုင်ငံဆိုင်ရာ အားကစားဖိုရမ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “အမျိုးသား အားကစား၏အနာဂတ် – ရိုးရာဓလေ့ကို ပြန်လည်ထုတ်ဖော်ပြသခြင်း” ဟူသောခေါင်းစဉ်ဖြင့်လည်းကောင်း၊ “လူထုအားကစားတွင် ကမ္ဘာလုံး ဆိုင်ရာလမ်းကြောင်းများမှ တစ်ဆင့်နိုင်ငံတကာ အားကစားစီမံကိန်းများအထိ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ “ဘောလုံး၏ အနာဂတ်: ၂ဝ၃ဝ ခုနှစ်တွင် ရုရှားပရီးမီးယားလိဂ်အတွက် မဟာဗျူဟာ လမ်းညွှန်ချက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း နိုင်ငံပေါင်း(၁၆)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ပါဝင် ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း သီးသန့်တွေ့ဆုံမှုအဖြစ် နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရုရှားနိုင်ငံ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး Alexander Nikitin နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့အားကစားအောင်မြင်ရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ အားကစားဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးထားသည့် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနှင့် အားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ စာချွန်လွှာနှင့်ပတ်သက်၍လည်းကောင်း၊ နေ့လယ် ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Samara မြို့တော်ဝန်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ပြီး ညနေပိုင်းတွင် ဘီလာရုဇ်နိုင်ငံ အားကစားဝန်ကြီး Siarhei Kavalchuk နှင့် တွေ့ဆုံခဲ့ပြီး လာမည့် ၂၀၂၆ ခုနှစ်မှ စတင်၍ MOU နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာအရ ဘီလာရုဇ် နိုင်ငံမှ ပြေးခုန်ပစ်၊ သေနတ်ပစ်၊ ကနူးကယက်လှေ၊ အနောက်တိုင်းလှေ၊ ဆာလော်လွမ်လှေ နည်းပြများ မြန်မာနိုင်ငံသို့ စေလွှတ်ပေး နိုင်ရေးကိစ္စရပ်များအားလည်းကောင်း၊ ကာဇက်စတန်နိုင်ငံ ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီး Yerbol Myrzabosynov နှင့် တွေ့ဆုံပြီး လက်ဝှေ့အားကစားနည်းနှင့် နပန်းအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပြများရရှိစေရေးကို ကူညီဆောင်ရွက်ပေးရန် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Samara မြို့တွင် ကျင်းပပြုလုပ်သော XIII International Sports Forum “ Russia: Country of Sports, Plenary Session ” (၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အားကစားဖိုရမ်သို့တက်ရောက်ခဲ့ပြီး အာရှပူးပေါင်းဆောင်ရွက်ရေး (ACD)အဖွဲ့ဝင် နိုင်ငံများမှ အားကစားဝန်ကြီးများနှင့် အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများက “အားကစား မြှင့်တင်ရေး အစဉ်အလာမှ ဆန်းသစ်တီထွင်မှုသို့ – ACD နိုင်ငံများရှိ အားကစား၏အနာဂတ်” ဆောင်ပုဒ်ဖြင့် ACD အဖွဲ့ဝင်နိုင်ငံများအကြား အားကစားဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာသုံးစွဲမှုနှင့် လူငယ်အားကစားသမားများကို အားပေးမြှင့်တင်ရေးလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရေး၊ အားကစားကဏ္ဍတွင် နိုင်ငံတကာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို လက်တွေ့အသုံးချနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Palace of Sports ပြတိုက်သို့ သွားရောက်လေ့လာခဲ့ပြီး ပြတိုက်အတွင်းရှိ အားကစားပစ္စည်းနှင့် အဆောက်အဦများအား လေ့လာသုံးသပ်ကာ အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြိုင်ပွဲစီမံခန့်ခွဲမှုတွင် အသုံးချနိုင်သည့် နည်းလမ်း များကိုလည်းကောင်း၊ အားကစားသမားများ၏ လေ့ကျင့်မှု၊ လုံခြုံရေးနှင့် နည်းပညာအသုံးချမှုဆိုင်ရာ အကောင်းဆုံးနည်းဗျူဟာများကို စူးစမ်းလေ့လာပြီး လိုအပ်သည့် အကြံဉာဏ်များကိုလည်းကောင်း ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် Samara မြို့ရှိ Vysotsky အားကစားနန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အားကစားဝန်ကြီးဦးဆောင်၍ “အနာဂတ်အတွက် အားကစား အတူတကွ အနိုင်ရရှိခြင်း” မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အားကစားကဏ္ဍတွင် နိုင်ငံအဆင့် ပူးပေါင်းဆောင်ရွက်မှု၊ လူငယ်အားကစားသမားများအား တိုးတက်စွမ်းဆောင်နိုင်ရေးနှင့် နည်းပညာ အသုံးချမှုများအား ထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် အကြံဉာဏ်များကို ဖော်ပြသုံးသပ် ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရှိ လူငယ်များနှင့် လက်ရွေးစင်အားကစားသမားများအနေဖြင့် အားကစား ကဏ္ဍအလိုက် လေ့ကျင့်နေမှုအခြေအနေများ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ရုရှား-မြန်မာ အားကစားနှင့်လူငယ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား နိုင်ငံပေါင်း (၅၁)နိုင်ငံမှ ကိုယ်စားလှယ်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် Samara မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် Memorial Parade စစ်ရေးပြ အခမ်းအနားကို တက်ရောက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့တွင် Samara မြို့မှ မော်စကိုမြို့သို့ (SU-1605) လေယာဉ်ဖြင့် လည်းကောင်း၊ မော်စကိုမြို့မှ ဒူဘိုင်းမြို့သို့ (EK 132)လေယာဉ်ဖြင့် လည်းကောင်း၊ ဒူဘိုင်းမြို့မှ ဘန်ကောက်မြို့သို့ (EK 372)လေယာဉ်ဖြင့်လည်းကောင်း၊ ဘန်ကောက်မြို့မှ ရန်ကုန်မြို့သို့ (8M 373) လေယာဉ်ဖြင့်လည်းကောင်း ပြန်လည်ထွက်ခွာခဲ့ပြီး နိုဝင်ဘာ (၉)ရက်နေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူ များက သွားရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။