အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသွေးစည်းညီညွတ်ရေးအစီအစဉ်အရ စက်ဘီးနည်းပြသင်တန်း(အဆင့်-၂)ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ(၂၂)။

မြန်မာ့စက်ဘီးအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၏ သွေးစည်းညီညွတ်ရေးအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် စက်ဘီးနည်းပြသင်တန်း(အဆင့်-၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ နည်းပြဆရာ Dr. Chester Alexander Hill နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် ကမ္ဘာ့စက်ဘီးအဖွဲ့ချုပ်(UCI)တို့ ပူးပေါင်းစီစဉ်မှုဖြင့် ယခုစက်ဘီးအားကစားနည်းပြသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ စက်ဘီးအားကစားနည်းသည် အိုလံပစ်အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ကို ၁၉၄၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး စက်ဘီးအားကစားနည်းဖြင့် ဆုတံဆိပ်များရယူပေးနိုင်ခဲ့သည့် အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ မျိုးဆက်သစ် စက်ဘီးအားကစားသမားများနှင့် နည်းပြများ ရှားပါးလာသည့်အတွက် ၂၀၁၇ ခုနှစ်၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအပြီးတွင် နောက်ထပ်ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် ရွှေတံဆိပ်ဆုများဆွတ်ခူးနိုင်ရန် အရည်အချင်းရှိပြီး ထူးချွန်ထက်မြက်သည့် စက်ဘီးအားကစားသမားများ မွေးထုတ်ပေးနိုင်ရေးသည် အဖွဲ့ချုပ်နှင့်နည်းပြများ၏ အရေးအကြီးဆုံး တာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရေတိုရေရှည်စီမံချက်များ ချမှတ်ပြီး အရှိန်အဟုန်ပြင်းစွာဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပြများ၊ ဒိုင်လူကြီးများနှင့် အားကစားမှ တာဝန်ရှိသူများကို ပြည်တွင်းအားကစားပြိုင်ပွဲများအပြင် နိုင်ငံတကာအားကစားအတွေ့အကြုံများ ရရှိစေရန်အတွက် ပြည်ပနိုင်ငံများသို့ သင်တန်းများစေလွှတ်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်အနေဖြင့် စက်ဘီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်းစက်ဘီးပြိုင်ပွဲများ၊ ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် ပြည်ပဖိတ်ခေါပြိုင်ပွဲများသို့ မြန်မာနိုင်ငံမှ အားကစားသမားများကို စေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင် ပို့ချပေးမည့် စာတွေ့/လက်တွေ့ သင်ခန်းစာ များကို မိမိတို့၏ အတွေ့အကြုံကောင်းများနှင့် ပေါင်းစပ်ပြီး မြန်မာ့စက်ဘီးအားကစားအဆင့် အတန်းတိုးတက်မြင့်မားလာစေရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားခဲ့သည်။

ဆက်လက်၍ ကမ္ဘာ့စက်ဘီးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ခံရသည့် နည်းစနစ်ကျွမ်းကျင်သူ အင်္ဂလန်နိုင်ငံမှ Dr. Chester Alexander Hill က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းသား/သင်တန်းသူများနှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ သင်တန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့မှ (၂၈)ရက်နေ့အထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Multi-Purpose Hall ၌ သင်တန်းသား/သင်တန်းသူ(၁၉)ဦး၊ သရုပ်ပြစီးနင်းသူ(၉)ဦး၊ စုစုပေါင်း(၂၈)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။