အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ ၂၀၂၆ခုနှစ်၊ လူငယ်နှင့်အားကစားဆိုင်ရာ အရှေ့တောင်အာရှဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ၍ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကျင်းပမည့် MCCခန်းမအား ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ မေ ၆

၂၀၂၆ ခုနှစ်၊ မေလ ၃ ရက်မှ ၅ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီမြို့တွင် ကျင်းပပြုလုပ်သည့်၂၀၂၆ခုနှစ်၊ လူငယ်နှင့်အားကစားဆိုင်ရာ အရှေ့တောင်အာရှဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ နှင့် ဝန်ကြီးရုံး လက်ထောက်အတွင်းဝန် ဦးထွန်းသန့် တို့သည် ယနေ့ နံနက် ၀၉: ၂၅ နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း နှင့် တာဝန်ရှိသူများ က ကြိုဆိုခဲ့ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗေးရှင်းစင်တာ MCC ခန်းမသို့ ရောက်ရှိရာ မေလ ၁၄ရက် မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၂၀) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ကျင်းပမည့် ကြိုတင်ပြင်ဆင်ထားသော ပြိုင်ပွဲခန်းမ နေရာ ၊ DINING ROOM ၊ PRESS ROOM ၊ SECRETARIAL ROOM ၊ WAITING ROOM နှင့် VIP ROOM များ သန့်ရှင်း သပ်ရပ် ကြည့်ကောင်းစေရန်နှင့် နိုင်ငံတကာအဆင့်ရှိအောင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရှိရသည်။