အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့သည့် မြန်မာဂျူဒို အားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ ၃

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ပီနန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲ တွင် အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့သည့် မြန်မာဂျူဒိုအားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း

(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ၊ အောင်ပွဲရမြန်မာဂျူဒိုအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုအခမ်းအနားသည် မင်္ဂလာတရားတော်နှင့်အညီ ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ဂုဏ်ပြုချီးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ အောင်ပွဲရမြန်မာဂျူဒိုအားကစားအဖွဲ့အနေဖြင့် ယခုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အုပ်ချုပ်သူ၊ နည်းပြ/ဒိုင် ၆ ဦးနှင့် ဂျူနီယာတန်းတွင် အသက်(၁၀)နှစ်အောက် ၄ ဦး၊ အသက်(၁၂)နှစ် အောက် ၂ ဦး၊ အသက်(၁၈)နှစ်အောက် ၁ ဦး၊ စီနီယာတန်းတွင် လူငယ်လေ့ကျင့်ရေးစခန်း (Youth Camp)မှ ၁ ဦး၊ ပဏာမလက်ရွေးစင် ၄ ဦး၊ အားကစားသမား ၁၂ ဦး စုစုပေါင်း ၁၈ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာဂျူဒိုအသင်းအနေဖြင့် ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခုနှင့် ကြေးတံဆိပ် ၃ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၂ ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများအပါအဝင် အားကစားသမားများကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးလျက် ရှိကြောင်း၊ အားကစားသမားများအနေဖြင့် ယခုရရှိထားသည့် အောင်မြင်မှုများနှင့် ကျေနပ် နှစ်သိမ့်မနေဘဲ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြား နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အလားတူ အောင်မြင်မှုများရရှိအောင် အစွမ်းကုန် ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အုပ်ချုပ်၊ လေ့ကျင့်၊ ထောက်ပံ့မှုများနှင့်ပတ်သက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာဂျူဒိုအသင်း၏ အဖွဲ့ခေါင်းဆောင် အင်းစိန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မျိုးအောင်မြင့်က ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပြီးနောက် ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် အသက် (၁၂)နှစ် အောက် -36 kg ပြိုင်ပွဲ မှ မအိချစ်ဆုစံ၊ -70 kg မှ မယွန်းဝတီစိုး၊ -57 kg မှ မပိုးအိအိလွင်၊ +70 kg မှ မနန်းသဲနုနုစံနှင့်

-55 kg မှ မောင်ထိုက်ထိုက်ကျော်တို့အား ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က လည်းကောင်း၊ ငွေတံဆိပ်ဆုရရှိခဲ့ကြသည့် အသက်(၁၀)နှစ်အောက် -24 kg မှ မောင်သျှန်ကောင်းဆက်ပိုင်နှင့် -28 kg မှ မောင်ကောင်းကင်မင်းစစ်တို့အား ဒုတိဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း၊ -70 kg မှ မဖြိုးရွှေဇင်ကျော်နှင့် -32 kg မှ မောင်အောင်ဇေထက်တို့အား ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း၊ ကြေးတံဆိပ်ဆု ရရှိခဲ့ကြသည့် -38 kg မှ မောင်မြတ်ဘုန်းခန့်၊ -32 kg မှ မခေတ်စံနန်းထွဋ်၊ -81 kg မှ မောင်သန့်ဇင်ဝင်းအောင်၊ မြန်မာဂျူဒိုအသင်း အဖွဲ့ခေါင်းဆောင်နှင့် နည်းပြချုပ်တို့အား မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းကလည်းကောင်း၊ မြန်မာဂျူဒိုအသင်း ဒိုင်လူကြီးနှင့် နည်းပြ ၂ ဦးတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး အောင်ပွဲရအားကစားသမားများကိုယ်စား အားကစားသမား မပိုးအိအိလွင် က ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီးနောက် အခမ်းအနား တက်ရောက်လာကြသူများကို ဂုဏ်ပြုညစားစားပွဲဖြင့်တည်ခင်းဧည့်ခံခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ဥရောပနိုင်ငံများမှ ကလပ်အသင်းများအပါအဝင် အာရှနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများမှ အားကစားသမား စုစုပေါင်းအင်အား ၅၃၀ ဦး အကြိတ်အနယ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာဂျူဒိုအသင်းအနေဖြင့် ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၃ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၂ ခုကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း သိရသည်။