Kickboxing အားကစားနည်းမှ အားကစားသမားများ လူရွေးချယ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် IMANE AMATEUR FUTSAL CUP 2025 ဖူဆယ် ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်
ရန်ကုန်၊ ဇွန်လ(၂၉)ရက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူအားကစားခန်းမသို့ ရောက်ရှိပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကစ်ဘောက်ဆင် (Kickboxing) အားကစားနည်းမှ အားကစားသမားများ လူရွေးချယ်ခြင်းနှင့် Asian Kickboxing Confederation (AKC) ဥက္ကဋ္ဌ ၊ Mr. Nasser Nassiri နှင့် နည်းပြတို့မှ အားကစား အထောက်အကူပြုပစ္စည်းများ၊ နည်းစနစ်ပိုင်းနှင့် နည်းပညာဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) စားရိပ်သာ သို့ ရောက်ရှိ၍ သင်တန်းသား/သင်တန်းသူများအား နေ့လယ်စာကျွေးမွေးရန် ပြင်ဆင်ထားရှိမှုများနှင့် I.S.P.E ဘောလုံးအသင်း နေ့လယ်စာစားသုံးနေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သုဝဏ္ဏ၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်နေသော အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် IMANE AMATEUR FUTSAL CUP 2025 ဖူဆယ် ပြိုင်ပွဲ တွင် ULAD FC အသင်းနှင့် Kyal Sin Lin FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ Imane Thailand မှ Mr. Sunyawit Ratfanaburanan က ပြိုင်ပွဲတွင် တာဝန်ယူခဲ့သော ဒိုင်လူကြီးများအား အမှတ်တရဆု၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်း က အသန့်ရှင်းဆုံးဆု ရရှိသည့် Kyal Sin Lin FC အသင်း ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အကောင်းဆုံးဂိုးသမားဆုရရှိသည့် ULAD FC အသင်း မှ ကျောနံပါတ်(၂) သီဟညီညီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း က အကောင်းဆုံး ကစားသမားဆုရရှိသည့် Kyal Sin Lin FC အသင်း မှ ကျောနံပါတ် (၇)အောင်ကိုမင်း ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်က တတိယဆုရရှိသည့် King Corba FC အသင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဒုတိယဆု ရရှိသည့် ULAD FC အသင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ပထမဆုရရှိသည့် Kyal Sin Lin FC အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေတို့အား အသီးသီး ပေးအပ်ချီးမြှင့်ပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ပထမဆုရရှိသည့် Kyal Sin Lin FC အသင်းအား ချန်ပီယံဆုဖလားကို ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။




