အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်အားပေး

မြစ်ကြီးနားမြို့၊ ဇန်နဝါရီ ၂၃

(၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပွဲတော်အဖြစ် ကျင်းပပြုလုပ် သည့် အားကစားပြိုင်ပွဲအသီးသီးသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်ကာ ပြိုင်ပွဲဝင် အားကစားသမားများအား အားပေးဂုဏ်ပြုခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီတွင် မနောမြေအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် တိုက်ကွမ်ဒို အတိုက်ပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အားကစားနည်းအလိုက် ဆပ်ကော်မတီဝင်များနှင့် တိုက်ကွမ်ဒိုဆပ်ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်အားပေး ကြည့်ရှုခဲ့ပြီး အနိုင်ရအားကစားသမားများအား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ဇန်နဝါရီ ၂၃ ရက် ညနေ ၃ နာရီအချိန်တွင် ငြိမ်းချမ်းသာယာခရိုင် ဘော်လီဘော ခန်းမ၌ ကျင်းပပြုလုပ်သည့် (အမျိုးသား/အမျိုသမီး) ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲ၏ ဆုပေးပွဲ အခမ်းအနားသို့လည်း ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဘော်လီဘော ဆပ်ကော်မတီနှင့် အားကစားနည်း အလိုက် ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်အားပေးချီးမြှင့်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် အားကစားပွဲများသို့ တက်ရောက်ရာတွင် ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ဘဝနေထိုင်မှုပုံစံကို မြှင့်တင်ခြင်း၊ လူငယ်များ အတွက် ကျန်းမာသန်စွမ်းမှု၊ စည်းလုံးညီညွတ်မှုနှင့် အားကစားစိတ်ဓာတ်များ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ အားကစားပွဲများ စဉ်ဆက်မပြတ် ကျင်းပသင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။

ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပွဲများတွင် တိုင်းရင်းသားလူမျိုးများ၊ ကျေးရွာများ နှင့်အဖွဲ့အစည်းပေါင်းစုံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်အတွင်း ငြိမ်းချမ်း သာယာဝပြောရေး၊ စည်းလုံးညီညွတ်ရေးနှင့် လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်ရေး တို့ကို မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။