![]()
(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အလေးမ၊ ဝူရှူးနှင့် Teqball အားကစားအဖွဲ့များ အားကစားနည်းအလိုက် လေ့ကျင့်မှုများပြုလုပ်
ရန်ကုန် ၊ ဇူလိုင် ၂၈
တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများတွင် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အလေးမ၊ ဝူရှူးနှင့် Teqball အားကစားအဖွဲ့များ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မြန်မာ့အားကစားကဏ္ဍ တိုးတက်မြင့်မားစေရေးနှင့် အောင်မြင်မှု ရရှိရေးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလေးမအားကစားရုံ၌ ပဏာမလက်ရွေးစင် အလေးမ အားကစားသမားများ၏ လေ့ကျင့်နေမှုအားလည်းကောင်း၊ ဝူရှူးအားကစားလေ့ကျင့်ရေးရုံ၌ ပဏာမ လက်ရွေးစင် ဝူရှူး(ထောက်လု)အားကစားသမားများ၏ လေ့ကျင့်နေမှုူအားလည်းကောင်း၊ Teqball အားကစားရုံ၌ ပဏာမလက်ရွေးစင် Teqball အားကစားသမားများ၏ လေ့ကျင့်နေမှုအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အားကစားနည်းများအလိုက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားကစားသမားများအားလုံး စိတ်ဓာတ်ခွန်အားများ ရရှိစေရန်၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှု ရှိစေရေးအတွက် အားကစားနည်းအလိုက်လေ့ကျင့်မှုများ၊ သတ်မှတ်စံချိန်စံညွှန်းများရရှိပြီး နိုင်ငံတော်အတွက် ရွှေတံဆိပ် ဆုများရရှိအောင် အစွမ်းကုန်ကြိုးစားအားထုတ်သွားရန်လိုကြောင်း၊ နည်းပြများ၏ လေ့ကျင့်သင်ကြား ပြသပေးမှုများကို ကြိုးစားလိုက်နာသင်ယူ၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး အုပ်ချုပ်သူ/နည်းပြများနှင့် အားကစား သမားများ၏ တင်ပြချက်များနှင့်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မြန်မာ့အားကစားကဏ္ဍ တိုးတက်မြင့်မားစေရန်နှင့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိ စေရေးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးကို အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်ချိန် တစ်နှစ်ကျော်ခန့်သာ ကျန်ရှိတော့ကြောင်း၊ မြန်မာ့ အားကစားအောင်မြင်တိုးတက်ရေးအတွက် တာဝန်ရှိသူများအားလုံး ဘက်ပေါင်းစုံမှ နည်းလမ်း ကောင်းများ၊ အကြံဉာဏ်ကောင်းများဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင် ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူးက (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်မလေးရှားနိုင်ငံမှ ထည့်သွင်းကျင်းပမည့် အားကစားနည်း များ၊ မိမိတို့မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ရန်လျာထားသည့် အားကစားနည်းများ၊ အောင်မြင်မှု ဆုတံဆိပ်များ ရရှိနိုင်မည့် အားကစားနည်းများ၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ စခန်းသွင်းလေ့ကျင့် လျက်ရှိသည့် အားကစားအဖွဲ့များ၏ နေထိုင်စားသောက်နေမှုများ၊ လေ့ကျင့်နေမှုများနှင့်စပ်လျဉ်း၍ အသေးစိတ်တင်ပြဆွေးနွေးခဲ့ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အားကစားအဖွဲ့ချုပ်များ ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင်ရေး၊ စခန်းသွင်းအားကစားနည်းများအား စနစ်တကျ စိစစ်ကြပ်မတ်လေ့ကျင့်နိုင်ရေး၊ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အား ဂရုစိုက်ဆောင်ရွက်နိုင်ရေး၊ အခြားလိုအပ်ချက်များနှင့်ပတ်သက်ပြီး ဖြည့်စွက်ဆွေးနွေးခဲ့ရာပြည်ထောင်စုဝန်ကြီးက မြန်မာ့အားကစားအောင်မြင်မှုရရှိရေးအတွက် အားကစားရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစား သမားများအားလုံး ဟန်ချက်ညီညီဖြင့် လက်တွဲ၍ အတူတကွ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ စားရိပ်သာသို့ သွားရောက်၍ သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး အားကစားပိုင်းတွင်သာမက ပညာရေးပိုင်းမှာပါ ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်က အားကိုးအားထား ပြုရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ်လေ့ကျင့်သွားရန် မှာကြားခဲ့ပြီးနောက်သင်တန်းသား/သင်တန်းသူများနှင့်အတူ နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။





