![]()
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ် (၃)ခု ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားအသင်းအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၁၀
၂၀၂၅ ခုနှစ်၊ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ဂျုဒိုအားကစားအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ ဒုတိယဥက္ကဋ္ဌများ၊ အလှူရှင်များနှင့်တာဝန်ရှိသူများ၊ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားအဖွဲ့မှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းဟူသည့် မင်္ဂလာတရားတော်နှင့်အညီ ကျင်းပသည့် မင်္ဂလာရှိသောအခမ်းအနားဖြစ်ပါကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဂျူဒိုအားကစားနည်းအနေဖြင့် ငွေတံဆိပ် (၁)ခုနှင့် ကြေးတံဆိပ် (၃)ခု ဆွတ်ခူး ရရှိခဲ့ပြီး နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက် ယခုလို ဂုဏ်ပြုချီးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာဂျူဒို အားအစားအဖွဲ့ချုပ် စတင်တည်ထောင်သည့် ၁၉၆၅ ခုနှစ်မှ ယနေ့အထိ နိုင်ငံတကာ အားကစား ပြိုင်ပွဲများနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်(၃၅)ခု၊ ငွေတံဆိပ် (၇၃)ခု၊ ကြေးတံဆိပ်(၉၄)ခု၊ စုစုပေါင်း ဆုတံဆိပ်(၂၀၂)ခု ဆွတ်ခူးရယူပေးနိုင်ခဲ့ကြသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ယခုလိုအောင်မြင်မှုများ ရရှိစေရန်အတွက် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်အနေဖြင့် ဂျပန်နည်းပြကို ငှားရမ်း လေ့ကျင့်စေခဲ့သည့်အပြင် အားကစားသမားများအား နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံများ ရရှိစေရန် အတွက် နှစ်စဉ်နိုင်ငံတကာတွင် ကျင်းပသည့် ဖိတ်ခေါ်ပြိုင်ပွဲများနှင့် သက်တမ်းအလိုက်ကျင်းပသည့် ပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်စေခဲ့သည်ကို တွေ့ရှိခဲ့ရသည့်အတွက် အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို မှတ်တမ်းတင် ဂုဏ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ အားကစားအောင်မြင်မှုရရှိအောင် လုပ်ဆောင်နိုင်သည်မှာ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား သုံးဦးသုံးဖလှယ် သဟဇာတဖြစ်ပြီး တစ်သားတည်းဖြစ်မှသာ အောင်မြင်မှုများရရှိနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ် မှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများအနေဖြင့် နောက်လာမည့် ပြိုင်ပွဲများတွင် ဂျူဒိုအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ပြီး အောင်မြင်မှု ဆုတံဆိပ်များရရှိအောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ပိုမိုကြိုးစားအားထုတ် သွားရန် တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်ပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ငွေကျပ် သိန်း ၇၀၀ ပေးအပ်လှူဒါန်းခဲ့သည့် အောင်မြန်မာဟိန်းကုမ္ပဏီလီမိတက်မှ ဦးရဲမင်းသူကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဂုဏ်ပြုပွဲအခမ်းအနားတွင် ဂုဏ်ပြုဆုချီးမြှင့်ရန်အတွက် ငွေကျပ် သိန်း ၁၀၀ စီတို့ကို ပေးအပ်လှူဒါန်းခဲ့သည့် သိရောမဏိကုမ္ပဏီလီမိတက်နှင့် မဟာရွှေဇမ္ဗူကုမ္ပဏီလီမိတက်မှ ဒေါက်တာ ဇော်ထွန်းနိုင်နှင့် စီးပွားရေးလုပ်ငန်းရှင် ဦးလောတီတို့ကို ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက် တို့ကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီး ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် အမျိုးသမီး(-၇၈)ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် အေးအေးအောင်အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း(၈၀)ကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း၊ အမျိုးသား (-၅၅) ကီလိုတန်းအတိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရရှိခဲ့ သည့် ထိုက်ထိုက်ကျော်အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း(၄၀)ကို ဒုတိယဝန်ကြီး ဦးထိန်လင်းက လည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲ ခတပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့သည့် လရောင်ရှန်နှင့် လှိုင်မင်းခန့်တို့အတွဲအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း(၄၀)ကို ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လည်းကောင်း၊ အမျိုးသား+အမျိုးသမီး အသင်းလိုက် (Mixed Team) ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရရှိခဲ့ သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း(၆၀)ကို အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း၊ (-၅၇)ခတနှင့် အတိုက်ပြိုင်ပွဲ နှစ်ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီး အငယ်ဆုံးအားကစားသမားဆုရရှိသည့် အိအိသဇင်ဇော်အား ငွေကျပ် (၁၀)သိန်းနှင့် နည်းပြအဖွဲ့တို့အတွက် ငွေကျပ် (၄၆)သိန်းတို့ကို မြန်မာနိုင်ငံဂျူဒိုအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းကလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ပြီးနောက် ဆုရအားကစားသမားများကိုယ်စား ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၁)ခု ရရှိခဲ့သည့် အေးအေးအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်း စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာကြသူများကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ခဲ့သည်။
မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်အနေဖြင့် ယခုကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်ဂျူဒို အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဂျူဒိုအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ် ဆောင်နိုင်ခဲ့သည့် အောင်ပွဲရ မြန်မာဂျူဒိုနည်းပြများနှင့် အားကစားသမားများအတွက် စုစုပေါင်း ငွေကျပ် သိန်း (၂၃၀) အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။







