![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် မြန်မာအားကစားအဖွဲ့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ရောက်ရှိ
ထိုင်း၊ ဒီဇင်ဘာ ၇
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် အပါအဝင် မြန်မာအားကစားအဖွဲ့မှ အားကစားသမားများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ရောက်ရှိလာရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများက သွားရောက်ကြိုဆိုခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် GRAND FOUR WINGS HOTEL မြန်မာအားကစားအဖွဲ့မှ ရုံးခန်းဖွင့်လှစ်၍ အောင်နိုင်ရေးအတွက် ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်မည့် ရုံးခန်းနေရာ ပြင်ဆင်ထားရှိမှုများနှင့် ပင်မကွပ်ကဲအုပ်ချုပ်မှုအဖွဲ့များ၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိပြီး နိုင်ငံဂုဏ်ဆောင်နိုင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းပူးပေါင်း၍ ကြိုးစားဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်းသိရသည်။





