အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နှင့်အဖွဲ့၊ အုပ်ချုပ်မှုအဖွဲ့နှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များထွက်ခွာ

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက် ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဦးဆောင်သည့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ နှင့် အဖွဲ့ဝင်တို့သည့် ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ဆက်လက်ပြီး မြန်မာအားကစားအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြင်းစီး၊ ခြင်းလုံး၊ ပိုက်ကျော်ခြင်းနှင့် Rowing အားကစားအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင်လည်းကောင်း၊ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ၏ မြားပစ်ပြိုင်ပွဲများတွင် ITO (ဂျူရီ) တာဝန် ထမ်းဆောင်ရန်နှင့် မြန်မာအားကစားအဖွဲ့များ၏ အောင်မြင်မှု ဆုတံဆိပ်များ ရရှိနိုင်ရေး၊ သွားလာနေထိုင် စားသောက်ရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စတို့အား ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် အရှေ့တောင်အာရှ မြားပစ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး သည် ယနေ့နံနက်ပိုင်းတွင်လည်းကောင်း အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ချောင်ဘူရီမြို့များသို့ အသီးသီးထွက်ခွာသွားကြရာ အားကစားနှင့်ကာယပည ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရသည်။