အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ရွှေ၊ငွေ၊ကြေးရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပြန်လည်ရောက်ရှိကြိုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ရက်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရွှေ၊ ငွေ၊ ကြေး အသီးသီးဆွတ်ခူးခဲ့သော ခြင်းလုံး၊ ပိုက်ကျော်ခြင်း(ကွင်းသွင်း)၊ ပီတန်း၊ တိုက်ကွမ်ဒို မြန်မာအားကစားအဖွဲ့သည် ယနေ့ညနေ (၁၆:၃၀)နာရီအချိန်တွင် လေယာဉ်အမှတ် 8M334 အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြု လုပ်ငန်ကော်မတီမှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ကျောင်းသား/ကျောင်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများ၊ ပြိုင်ပွဲဝင်ကစားသမားများ၏ မိဘဆွေမျိုးများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။

အဆိုပါ မြန်မာအားကစားအဖွဲ့တွင် ရိုးရာခြင်းလုံးအားကစားနည်းမှ ရွှေတံဆိပ်(၂)ဆု ရရှိခဲ့သော အမျိုးသား/အမျိုးသမီးအသင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ငွေတံဆိပ်(၂)ဆုရရှိခဲ့သောအမျိုးသား/အမျိုးသမီးအသင်း ၊ တိုက်ကွမ်ဒိုအားကစားနည်းမှ အသင်းလိုက် က ကွက်ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ဆုရရှိခဲ့သော အမျိုးသား/အမျိုးသမီးအသင်းနှင့် ပီတန်းအားကစားနည်းမှ အမျိုးသမီး Shooting ပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ဆုရရှိခဲ့သော ခင်ချယ်ရီသက် တို့ ပြန်လည်လိုက်ပါလာကြောင်းသိရှိရသည်။