အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဂျူဒိုအားကစားနည်းမှ အားကစားသမားများအား တတိယအကြိမ်မြောက် အပြီးသတ် လူရွေးချယ်ခြင်းနှင့် လက်ရည်ဆန်းစစ်ဂျူဒိုပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင် ၁၅

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဂျူဒို အားကစားနည်းမှ အားကစားသမားများအား တတိယအကြိမ်မြောက် အပြီးသတ်လူရွေးချယ်ခြင်းနှင့် လက်ရည်ဆန်းစစ် ဂျူဒိုပြိုင်ပွဲကို ယနေနံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ ဂျူဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား Nage- no- Kata(နာဂေနိုခတ) ပြိုင်ပွဲများ၊ အမျိုးသမီး Ju- no- Kata(ဂျူးနိုခတ) ပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး တစ်ဦးချင်းဝိတ်တန်း အလိုက် အတိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို အသီးသီးယှဉ်ပြိုင်ခဲ့ကြ ပြီးနောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသူများကို ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ဂျူဒိုအားကစားအဖွဲ့အား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားကစားသမားများအနေဖြင့် ပြိုင်ပွဲတွင် ကြုံတွေ့ခဲ့ရသည့် မိမိတို့၏ အားနည်းချက်များကို အားသာချက်များဖြစ်လာအောင် ပြန်လည်သုံးသပ်၍ ပြုပြင်လေ့ကျင့်သွားရန်လိုကြောင်း၊ တာဝန်ရှိသူ များက နေထိုင်စားသောက်ရေး အဆင်ပြေစေရေးနှင့် အင်အားပြည့်ဝပြီး သတ်မှတ်ကယ်လိုရီပမာဏ အတိုင်း ပြည့်မီစွာ ကျွေးမွေးနိုင်ရေးအတွက် အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိပြီး ဂျူဒိုအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် အစွမ်းကုန်ကြိုးစားလေ့ကျင့်သွားရန်လိုကြောင်း တိုက်တွန်း မှာကြားခဲ့သည်။

မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်အနေဖြင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် အောင်မြင်မှုများရရှိစေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ဂျူဒိုအားကစားသမားများအား လူရွေးချယ်ခြင်းနှင့် လက်ရည်ဆန်းစစ်ခြင်းပြိုင်ပွဲများကို ပထမအကြိမ်အဖြစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၅ ခုနှစ် ဇွန်လ ၂၁ရက်နေ့တွင်လည်းကောင်း ကျင်းပခဲ့ပြီး တတိယအကြိမ်မြောက် အပြီးသတ်လူရွေးချယ်ခြင်းပြိုင်ပွဲကို ယနေ့ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။