အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက်၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့များ၏ အားကစားအောင်နိုင်ရေးနှင့် မျှော်မှန်းဆုတံဆိပ်များရရှိစေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် (၃၃)ကြိမ်မြောက်၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစား အဖွဲ့များ၏ အားကစားအောင်နိုင်ရေးနှင့် မျှော်မှန်းဆုတံဆိပ်များရရှိစေရေးတို့အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ ချွန်ဘူရီနှင့် ဆုန်ခလာမြို့များ၌ ကျင်းပ ပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့များ၏ အားကစားအောင်နိုင်ရေး၊ အားကစားနည်းအလိုက် မျှော်မှန်းဆုတံဆိပ်များရရှိစေရေး၊ ပြိုင်ပွဲကာလအတွင်း အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များဖြစ်သည့် (တည်းခိုနေထိုင်မှု၊ စားသောက်မှု၊ လေ့ကျင့်မှုများနှင် ကြိုဆိုနေရာချထားရေးကိစ္စရပ်များ၊ အားကစား သမားတစ်ဦးချင်း၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ဆေးစစ်ဆေးခြင်း) ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းတာဝန်များကို ကြိုတင်ပြင်ဆင်ရေးဆွဲ၍ စိစစ်ကြပ်မတ်ပြီး စနစ်တကျ တာဝန်များခွဲဝေပေးသွားရန်လိုကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် အဖွဲ့လိုက်ထွက်ခွာမည့် နေ့ရက်များနှင့် အားကစားနည်းများ၊ ပြိုင်ပွဲယှဉ်ပြိုင်မည့် နေ့ရက်များနှင့် ပြန်လည်ရောက်ရှိမည့် နေ့ရက်များတွင် လိုက်ပါပို့ဆောင်မည့်အဖွဲ့နှင့် အချိန်နှင့်တစ်ပြေးညီ သတင်းမှတ်တမ်းများ ထုတ်ပြန် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြိုင်ပွဲသို့လိုက်ပါမည့် သတင်း မှတ်တမ်းရိုက်ကူးရေးအဖွဲ့အနေဖြင့် ပြိုင်ပွဲကာလအတွင်း ပြိုင်ပွဲယှဉ်ပြိုင်မှုများ၊ ဆုရရှိသည့် အားကစား သမားများနှင့် အားကစားနည်းများအား သတင်းရုပ်သံများတွင် ပြည့်ပြည့်စုံစုံ ထုတ်လွှင့်ဖော်ပြပါရှိ နိုင်စေရေးအတွက် စနစ်တကျတာဝန်ပေးအပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပင်မကွပ်ကဲအုပ်ချုပ်မှု အဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်အားကစားအဖွဲ့များ၏ တည်းခိုနေထိုင်စားသောက်မှု၊ ကြိုဆိုနေရာ ချထားရေး ကိစ္စရပ်များ၊ ပြိုင်ပွဲယှဉ်ပြိုင်မှုနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတွင် လစ်ဟင်းမှုများ မရှိစေရေး အတွက် စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားအဖွဲ့များအား အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်စေရေးအတွက် ပြိုင်ပွဲကျင်းပမည့် မြို့ ၃ မြို့တွင် ဆေးအဖွဲ့များကို စနစ်တကျ တာဝန်ခွဲဝေပေးအပ်ထားသည့်အတွက် ပြိုင်ပွဲသို့ လိုက်ပါမည့် အဖွဲ့ခေါင်းဆောင်များအနေဖြင့် အုပ်ချုပ်မှုကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်မှုကိစ္စရပ်များတွင် အခက်အခဲ များရှိပါက အထက်အကြီးအကဲများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြပေးသွားရန်လိုကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုများ ဆွတ်ခူးနိုင်စေရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပေါင်းစပ် ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်များနှင့် ဌာနခွဲများ မှ တာဝန်ခံညွှန်ကြားရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ယူဆောင်ရွက်လျက် ရှိသည့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်ပြီး အသီးသီး တင်ပြ ဆွေးနွေးခဲ့ရာ ဒုတိယဝန်ကြီးက မြန်မာအားကစားအဖွဲ့အောင်နိုင်ရေးနှင့် ဆုတံဆိပ်များရရှိစေရေး တို့အတွက် ရုံးလုပ်ငန်းဆောင်ရွက်နေမှုအပိုင်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေး ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ အရေးကြီးသည့် ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်ဖြစ်သည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် အောင်မြင်မှုရရှိစေရေးနှင့် မျှော်မှန်းထားသည့်အတိုင်း ဆုတံဆိပ်များရရှိစေရေး၊ ဒီဇင်ဘာလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲနှင့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍ များအလိုက် အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် တင်ပြချက်များ၊ အခက်အခဲများနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။