အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီဇင်ဘာလူထုလှုပ်ရှားမှု အထိမ်းအမှတ်လမ်းလျှောက်ပွဲ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်ပြီးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၃၀

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီဇင်ဘာ လူထုလှုပ်ရှားမှုအထိမ်းအမှတ် လမ်းလျှောက်ပွဲ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ များ အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် “အားကစားမြှင့်တင်ခြင်း သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပြီး မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားသို့” ဆိုသည့် ဆောင်ပုဒ်များအတိုင်း မကြာမီကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိစေရေးအတွက် ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင် မည့် အားကစားနည်းများနှင့် ပြိုင်ပွဲဝင်အင်အားစာရင်းများအား စိစစ်ခြင်းများ၊ ပို့ဆောင်ရေးကိစ္စ ရပ်များ၊ အုပ်ချုပ်/ထောက်ပံ့မှုကိစ္စရပ်များ၊ ပြိုင်ပွဲတွင် စနစ်တကျဝင်ရောက်ယှဉ်ပြိုင်မှု၊ အောင်နိုင်ရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး၊ လေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေများ၊ ပြိုင်ပွဲဝင်ပစ္စည်း ဝယ်ယူပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြပေးသွားရန်လိုကြောင်း၊ အားကစားယှဉ်ပြိုင်ရာ၌ မိမိလူမျိုး၊ မိမိနိုင်ငံတော်၏ ကျေးဇူးကိုစောင့်သိပြီး အမျိုးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများဖြစ်အောင် အားသွန်ခွန်စိုက်ကြိုးပမ်းယှဉ်ပြိုင်၍ “ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်” ဆိုသကဲ့သို့ မလျော့သောဇွဲ၊ သတ္တိ၊ ပြင်းပြသော လုံ့လတို့ဖြင့် ပါဝင်ယှဉ်ပြိုင်သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံတော်၏ အလံကို တိုင်ထိပ်တွင် လွှင့်ထူနိုင်အောင် ကျရာကဏ္ဍများအလိုက် အစွမ်းကုန် ကြိုးပမ်းအားထုတ်သွားရန် တာဝန်ရှိသူများအနေဖြင့် အားကစားသမားများ သိရှိနားလည်အောင် တိုက်တွန်းမှာကြားသွားရန် လိုကြောင်း၊ “ရှင်သန်လှုပ်ရှားလူထုအားကစား” ဆိုသည့် ဆောင်ပုဒ်အတိုင်း တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်စေရေးအတွက် ဒီဇင်ဘာလူထုလှုပ်ရှားမှုအထိမ်းအမှတ် လမ်းလျှောက်ပွဲ ကျင်းပနိုင်ရေးနှင့် နိုင်ငံတော်မှ ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် မျိုးဆက်သစ်အားကစားသမားများ ရရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များနှင့် ပတ်သတ်ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအား အသေးစိတ် စီမံချက်များ စနစ်တကျ ရေးဆွဲ၍ တင်ပြပေးသွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်များနှင့် အစည်းအဝေးတက်ရောက်လာကြသူများက နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အဖွဲ့ချုပ်များ၊ အားကစားနည်း များအလိုက် စခန်းဝင်အားကစားသမားအင်အားစာရင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း နှင့် အားကစားသမားအင်အားစာရင်းများ၊ ၊ အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ၊ ဒီဇင်ဘာ လူထုလှုပ်ရှားမှုအထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တာဝန်ယူဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်ပြီး အသီးသီး ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးများက လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အထက်/အောက် အပြန်အလှန် အချင်းချင်း မိသားစုစိတ်ဓာတ်ထားရှိပြီး စည်းစည်းလုံးလုံးဖြင့် လုပ်ကိုင်ဆောင်ရွက် သွားရန်လိုကြောင်း ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများဖြစ်၍ တည်မြဲအမိန့်များကို လိုက်နာပြီး နိုင်ငံတော်မှ ပေးအပ် ထားသည့် လုပ်ငန်းတာဝန်များ၊ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိစေရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်သည်များကို အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။