(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် လက်ရွေးစင်အလေးမအာကစားသမားများ ရွေးချယ်ရေးပြိုင်ပွဲနှင့် (Youth Camp)မှ လူငယ်အလေးမအားကစားသမားများ စံချိန်ဆန်းစစ်ပြိုင်ပွဲကျင်းပ
နေပြည်တော်၊ ဇူလိုင် ၂၄
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် လက်ရွေးစင်အလေးမ အားကစားသမားများ ရွေးချယ်ရေးပြိုင်ပွဲနှင့် (Youth Camp)လူငယ်အလေးမအားကစားသမားများ စံချိန်ဆန်းစစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမ လေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဥဂ္ဂါအေး၊ ဒုတိယဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သော အလေးမပြိုင်ပွဲတွင် အမြန်မနှင့် နှစ်ဆင့်မပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး (၄၈၊ ၅၃၊ ၅၈၊ ၆၃) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား (၆၀၊ ၆၅၊ ၇၁၊ ၇၉၊ ၈၈၊ ၉၄၊ +၉၄) ကီလိုတန်းပြိုင်ပွဲများကို အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အမျိုးသား +၉၄ ကီလိုတန်းပြိုင်ပွဲတွင် စုစုပေါင်း သတ်မှတ် စံချိန်ထက် သာလွန်ကောင်းမွန်အောင် ယှဉ်ပြိုင်နိုင်ခဲ့သည့် ရန်မျိုးကျော်ကို မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသီဟလင်းကလည်းကောင်း၊ အမျိုးသမီး ၅၈ ကီလိုတန်းပြိုင်ပွဲတွင် သတ်မှတ် စံချိန်ထက်ကျော်ပြီး သာလွန်ကောင်းမွန်အောင် ယှဉ်ပြိုင်နိုင်ခဲ့သည့် ထက်ထက်ထွေးနှင့် အမျိုးသား ၉၄ ကီလိုတန်း နှစ်ဆင့်မပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက် သာလွန်ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ် တင်နိုင်ခဲ့သည့် ဝင်းနိုင်ထွန်းတို့ကို မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးကလည်းကောင်း၊ အမျိုးသမီး ၄၈ ကီလိုတန်း အမြန်မ၊ နှစ်ဆင့်မနှင့် စုစုပေါင်း ပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက်ကျော်ပြီး သာလွန်ကောင်းမွန်အောင် ယှဉ်ပြိုင်နိုင်ခဲ့သည့် နော်အယ်ကညောဂျော့ကို ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ကလည်းကောင်း၊ အမျိုးသမီး ၄၈ ကီလိုတန်း နှစ်ဆင့်မပြိုင်ပွဲတွင် သတ်မှတ် စံချိန်ထက် သာလွန် ကောင်းမွန်ပြီးမြန်မာပြည်စံချိန်သစ် တင်နိုင်ခဲ့သည့် ဇင်မေဦး၊ ၆၃ ကီလိုတန်း အမြန်မပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက် သာလွန်ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ် တင်နိုင်ခဲ့သည့် သူဇာခင်နှင့် အမျိုးသား ၈၈ ကီလိုတန်း နှစ်ဆင့်မပြိုင်ပွဲတို့တွင် သတ်မှတ်စံချိန်ထက် သာလွန်ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ် တင်နိုင်ခဲ့သည့် ရဲရင့်နိုင်တို့ကို ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း၊ အမျိုးသမီး ၅၃ ကီလိုတန်း အမြန်မ၊ နှစ်ဆင့်မနှင့် စုစုပေါင်းပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက် သာလွန် ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ် တင်နိုင်ခဲ့သည့် နော်တဘိုးရာနှင့် အမျိုးသား ၇၉ ကီလိုတန်း နှစ်ဆင့်မပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက် သာလွန်ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ် တင်နိုင်ခဲ့သည့် သီဟအောင်တို့ကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် လက်ရွေးစင်အလေးမ အားကစားသမားများ ရွေးချယ်ရေးပြိုင်ပွဲနှင့် လူငယ်အလေးမအားကစားသမားများ စံချိန်ဆန်းစစ် ပြိုင်ပွဲများသို့ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)တို့မှ အလေးမအားကစားသမား စုစုပေါင်း (၂၈) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။







