အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

တောင်ကြီးမြို့ ၊ ဇွန် ၁၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ(၁၆:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ရှိ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦသန်းဦးလွင်၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ရှမ်းပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် ဘော်လီဘောဆပ်ကော်မတီဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့်အားကစားသမားများ တက်ရောက်ခဲ့သည်။

ဦးစွာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက ကြိုဆိုမိတ်ဆက်စကား ပြောကြားရာတွင်တိုင်းဒေသကြီးနှင့်ပြည်နယ် (အမျိုးသား/အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည့် တောင်ကြီးမြို့တွင် အိမ်ရှင်အဖြစ် ၂၀၁၄ ၊ ၂၀၁၉ ၊ ၂၀၂၂ ၊ ၂၀၂၃ နှင့် ၂၀၂၅ ခုနှစ်များတွင်လက်ခံကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင်လည်းထပ်မံကျင်းပပြုလုပ်ခွင့်ရခဲ့သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယခုလိုတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ထူးချွန်ထက်မြက်သည့် ဘော်လီဘောအားကစားသမားများကို တစ်နေရာတည်းတွင် စုံစုံလင်လင် တွေ့ဆုံခွင့်ရရှိခြင်းသည် အားကစားပြိုင်ပွဲတစ်ခု ယှဥ်ပြိုင်ရုံတင်မကဘဲ တိုင်းရင်းသားညီအစ်ကို မောင်နှမ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွှတ်မှုနှင့် အပြန်အလှန်လေးစားတန်ဖိုးထားမှုများကို ပိုမိုခိုင်မြဲစေသည့် သမိုင်းဝင်အခိုက်အတန့်တစ်ခုလည်းဖြစ်ပါကြောင်း၊ ယခုလိုရှမ်းပြည်နယ်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသည့်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်ရှိသည့် အားကစားသမားအသီးသီး၏ မတူကွဲပြားသော ကစားပုံ၊ ကစားဟန်များကို လေ့လာဖလှယ်နိုင်စေခြင်း၊ မြေပြန့်ဒေသနှင့်တောင်ပေါ်ဒေသမခွဲခြားဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေနိုင်ခြင်း၊ ဒေသအသီးသီးမှ ပြိုင်ပွဲဝင်အသင်းများကလည်း ရှမ်းပြည်နယ်၏ ရိုးရာယဥ်ကျေးမှု ဓလေ့စရိုက်နှင့် ဒေသန္တရဗဟုသုတများကို လေ့လာခွင့်ရရှိစေခြင်းစသည့် ရင်းနှီးမှုများရရှိမည်ဖြစ် ကြောင်း၊ အားကစားသမားများအနေဖြင့် သတ်မှတ်ထားသော စည်းမျဥ်း/စည်းကမ်း ဥပဒေများကို လိုက်နာပြီး ဘက်ပေါင်းစုံမှ ပြည့်စုံအောင် ကြိုးစားသွားရန်နှင့် မိမိကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် အသင်းအောင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားယှဥ်ပြိုင်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုလို ရှမ်းပြည်နယ်၏ သာယာလှပသောမြေဆီမြေနှစ်ပေါ်တွင် လာရောက်ယှဥ်ပြိုင်သည့်အခါ မိမိတို့၏ အရည်အချင်းများကိုအပြည့်အဝထုတ်ဖော်ပြသပြီး အနိုင်မခံ အရှုံးမပေးသည့်ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ဖြင့် ကြိုးစားယှဥ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ ကလည်း အားကစားသည် နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့် စည်းလုံးညီညွှတ်မှုကိုဖြစ်ပေါ်စေပြီး အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်၏ဂုဏ်ကိုမြှင့်တင်ခြင်းပင်ဖြစ်ကြောင်း လမ်းညွှန်ထားရှိသည့် နည်းတူ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော တာဝန်ကြီး(၄)ရပ်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ကမ္ဘာ့အလယ်တွင် မြန်မာ့အားကစားအဆင့်အတန်း တိုးတက် မြင့်မားရေး၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဥ်ပြိုင် နိုင်ရေးနှင့် အရှေ့တောင်အာရှမှ အာရှအဆင့်၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်ထိ တက်လှမ်း နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရေးတို့အတွက် တစ်ထောင့်တစ်နေရာက ဝိုင်ဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲကာလအတွင်းသာမက ပြိုင်ပွဲပြီးဆုံး၍ မိမိတို့နေရပ်ဒေသများသို့ ပြန်လည်ရောက်ရှိချိန်အထိ စိတ်ချမ်းသာပျော်ရွှင်စွာ အဖက်ဖက်မှ ကူညီစောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်းပြောကြား၍ ပြိုင်ပွဲဝင်အသင်းများအားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါကြောင်း ပြောကြားခဲ့ပြီးနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး လက်ဖက်ရည် နှင့်အချိုပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အဆိုပါ ပြိုင်ပွဲဝင်အသင်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ စားစရိတ်ထပ်ဆောင်းထောက်ပံ့ငွေများကို ပြည်နယ်လူမှုရေးရာဝန်ကြီးက ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၄)သင်း ၊ အမျိုးသမီးအသင်း (၁၄)သင်းနှင့် ပြိုင်ပွဲဝင် စုစုပေါင်းကစားသမားအင်အား (၃၃၃)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ ရှမ်းပြည်နယ်အတွင်းရှိ ဘော်လီဘောအားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။